ချင်းအမျိုးသားတပ်ဦး ( CNF/A )က ဖမ်းဆီးခဲ့တဲ့ အာရက္ခတပ်တော်(AA) တပ်သား ၂ ဦး နဲ့ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့က ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ်အတွင်းက ချင်းညီနောင်ထိန်းချုပ်ထားတဲ့ မြို့နယ် ၆ မြို့နယ်မှာ စစ်ကောင်စီကင်းစင်ရေးအတွက် ကြိုးစားနေတဲ့အပြင် မဟာမိတ်တပ်တွေဖြစ်တဲ့ AA၊ YDF ၊ YA တို့နဲအတူ မတူပီမြို့ကို သိမ်းပိုက်နိုင်ခဲ့တာ မိဘပြည်သူတွေ အသိဖြစ်တယ်လို့ ချင်းညီနောင်က ထုတ်ပြန်ပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF/A က ဖမ်းဆီးထားတဲ့ အာရက္ခတပ်တော်တပ်သား ၂ ဦးကို မှုးယစ်ဆေးဝါး နဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အတင်းအဓမ္မ လိမ်လည်ဝန််ခံထွက်ဆိုခိုင်းစေပြီး ဆိုရှယ်မီဒီယာတွေပေါ် မဟုတ်မမှန် ရေးသားဖြန့်ဝေ ပြောဆို ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ပါတယ်။
CNF/A ဦးဆောင်တဲ့ ချင်းပြည်ကောင်စီရဲ့သဘောထားတွေ CNF ရဲ့ သဘောထားတွေ ထုတ်လွှင့်ပေးနေတဲ့ Chinland Information Center ကနေ AA တပ်သား ၂ ဦးရဲ့ အင်တာဗျူး ရုပ်သံ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက် နေ့က ထုတ်လွှင့်ခဲ့ပါတယ်။
ဒီလို CNF/A ရဲ့ AA တပ်အပေါ် ထားရှိတဲ့ အမြင်နဲ့ လုပ်ရပ်တွေဟာ တော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်လုပ်ဆောင်နေတဲ့ ပြည်တွင်းပြည်ပ ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကို အချင်းချင်းကြား စည်းလုံးညီညွတ်ရေးနဲ့ ချင်းတစ်မျိုးသားလုံး စည်းလုံး ညီညွတ်ရေးကိုလည်း ထိခိုက်စေတဲ့အပြင် ချင်းပြည်သူနဲ့ ရခိုင်ပြည်သူကို အမုန်းပွားအောင် သွေးထိုးလှုံဆော်ပြီး မိမိတို့ချင်းလူမျိုးသား အချင်းချင်းအကြား တည်ဆောက်နေတဲ့ ယုံကြည်မှု၊ အမျိုးသားစည်းလုံးညီညွတ်မှုတွေကို နှောင့်နှေးသွားစေတယ်လို့ ချင်းညီနောင်က ထုတ်ပြန်ပါတယ်။
ဖမ်းဆီးထားတဲ့ AA တပ်သား ၂ ဦးကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ နောက်နောင် အခုလိုလုပ်ရပ်တွေ ထပ်မံမပြုလုပ်ဖို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ချင်းညီနောင်အဖွဲ့ကို ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသား အဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)တို့ဖြင့် ချင်းလက်နက်ကိုင်အဖွဲ့၆ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပါတယ်။