Headlines

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်နဲ့ ထန်တလန်မြို့နယ်တွေမှာ (Malaria) ငှက်ဖျားရောဂါ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်နေ

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မတူပီမြို့နယ်နဲ့ ထန်တလန်မြို့နယ်တွေက ပြည်သူအကြားမှာ ယခုမိုးတွင်းကာလ ဇူလိုင်လ ကစပြီး အခုအချိန်အထိ (Malaria) ငှက်ဖျားရောဂါ ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်နေကြောင်း အဆိုပါမြို့နယ်တွေမှာ စစ်ဘေးရှောင်များကိုကူညီနေတဲ့သူတွေဆီကသိရပါတယ်။ 

 လက်ရှိအနေအထားမှာ ချင်းပြည်နယ်မှာ မတူပီ၊ပလက်ဝနဲ့ထန်တလန်မြို့နယ်တွေဟာ စစ်ဘေးရှောင်အရေအတွက်အများဆုံးရှိတဲ့မြို့နယ်တွေဖြစ်ပြီး အဆိုပါမြို့နယ်တွေက ပြည်သူလူထုဟာ မိမိအိုးအိမ်စွန့်ခွါကာ နေရာပြောင်းရွေ့၊စစ်ဘေးရှောင်ရင်း တော၊တောင်တွေမှာ ၂ ည/၃ ည တပတ် /၂ ပတ် အနည်းဆုံး နေထိုင်ရခြင်းကြောင့် ဌက်ဖျားရောဂါကူးစက်ခံရကာ အဆိုပါမြို့နယ်တွေမှာ အခုလို ဌက်ဖျားရောဂါကူးစက်မှုပြန်လည်မြင့်တက်လာရခြင်းဖြစ်ကြောင်းသိရပါတယ်။

 ချင်းပြည်နယ်မှာ ဌက်ဖျားရောဂါမတွေ့တော့တာ ၄ နှစ် ဝန်းကျင်ရှိပြီဖြစ်ပေမယ့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာကာ တိုက်ပွဲများစွာဖြစ်ပွါးလာပြီး ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်တိုင်းမှာ နေရပ်စွန့်ခွါ တောထဲတောင်ထဲစစ်ဘေးရှောင်ရတဲ့ပြည်သူများစွာရှိလာလို့ ဌက်ဖျားရောဂါကူးစက်မှုလည်းပြန်လည်မြင့်တက်လာခြင်းဖြစ်တယ်လို့ ချင်းပြည်နယ်မှာ နှစ်အတန်ကြာတာဝန်ထမ်းဆောင်ဖူးတဲ့ဆရာဝန်၁ ဦးက မှတ်ချက်ပြုပါတယ်။ 

 ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင်က လူဦးရေ ၅ သိန်း၀န်းကျင်ရှိတဲ့ ချင်းပြည်နယ်ဟာအာဏာသိမ်းပြီး ၃ နှစ် ခွဲ ခန့်မှာ ပြည်နယ်ရဲ့လူဦးရေရဲ့ ထက်ဝက်နီးပါးလူ ၂ သိန်းခွဲခန့် ဟာ ပြည်တွင်းနဲ့အိမ်နီးချင်းနိုင်ငံတွေကို စစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ မရရှိပဲ ဆိုးဆိုးရွားရွား အခြေအနေဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ၂၀၂၄ ခုနှစ်၊ဇွန်လ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။  

Leave a Reply

Your email address will not be published. Required fields are marked *