ချင်းပြည်နယ်အတွင်း အစိုးရဝန်ထမ်းအများစု လစာပုံမှန်မရတာ ၂ လ/ ၃ လ ရှိပြီဖြစ်ပြီး မိသားစုစားဝတ် နေရေး အတွက် အကြပ်အတည်းပိုဆိုးလာတယ်လို့ ဟားခါးမြို့ကဌာနဆိုင်ရာအစိုးရဝန်ထမ်းတစ်ဦးက Chin World Media ကို ပြောပါတယ်။
“ မြန်မာ့စီးပွားရေးဘဏ်မှာလည်း ငွေကမရှိတော့ဘူး။ ဌာနဆိုင်ရာက ဝန်ထမ်းတွေဆိုရင် အစိုးရက လစာမထုတ်ပေးနိုင်တော့တာ ၃ လလောက်ရှိနေပြီ” လို့ဟားခါးမြို့ကအစိုးရဝန်ထမ်း တစ်ဦးကပြောပါတယ်။
သူကဆက်ပြီး ကုန်စျေးနှုန်းတွေ အဆမတန် ကြီးမြင့်နေတဲ့အတွက် အစိုးရဝန်ထမ်းမိသားစုတွေအနေနဲ့ လွန်စွာခက်ခဲကြောင်း၊ နိုင်ငံခြားက ဆွေမျိုးများရဲ့ စာနာမှုကြောင့်သာ စားဝတ်နေရေးအတွက် အနည်းငယ်အဆင်ပြေကြောင်း၊ သို့သော်အခုအခါ ပြင်ပငွေလွှဲအတွက်ပါခက်ခဲလာကြောင်းချင်းပြည်နယ်မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပါ မကြာခဏ ဖြတ် တောက်ခံရတာတွေကြောင့် ငွေလွှဲပို့တာပိုပြီးခက်ခဲလာတယ်လို့ပြောပါတယ်။
“ နိုင်ငံခြားက ဆွေမျိုးတွေ၊ သားသမီးတွေ ငွေပို့လာချင်ပေမယ့် ဒီဖက်က ထုတ်မပေးနိုင်တော့ဘူး။ ငွေသားအရမ်းရှားလာတော့ တစ်ချို့ငွေလွှဲလုပ်တဲ့သူတွေဆိုလည်း ပိတ်ကုန်ပြီ။ ပြည်တွင်း အချင်းချင်းကနေလွှဲချင်ရင်တောင် ငွေလွှဲလုပ်တဲ့သူတွေက သူတို့လုပ်ငန်းပိတ်ပြီဖြစ်တဲ့အတွက် အခက်အခဲက ပိုဆိုးလာနေတယ်” လို့အဆိုပါ ဟားခါးမြို့ကအစိုးရဝန်ထမ်းတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ချင်းပြည်နယ်မှာ ဟားခါး၊ဖလမ်း၊မင်းတပ်၊တီးတိန်နဲ့ခိုင်ကမ်းမြို့ ၅ မြို့မှာသာ စစ်ကောင်စီရဲ့အုပ်ချုပ် ရေးလည်ပတ်နိုင် တော့တာဖြစ်ပါတယ်။
အခုအချိန်အထိ တီးတိန်မြို့ကအစိုးရဝန်ထမ်း တွေက မေလအထိပဲလစာရ သေးကာ ၊ ဖလမ်းမြို့ကဝန်ထမ်း တွေက ဇွန်လလစာအထိပဲရရှိ သေး ကြောင်း ဒေသခံ တွေဆီကသိရပါတယ်။ အစိုးရဝန်ထမ်းအချင်းချင်းမှာလည်း တချို့ဌာနတွေက ရတယ်။ မရသေးတဲ့ ဌာန က များနေတယ်လို့သိရပါတယ်။ချင်းပြည်နယ်က အစိုးရဝန်ထမ်းလစာတွေကို ကလေးမြို့ မြန်မာ့စီးပွားရေးဘဏ်ကနေ ထုတ်ပေး၊လွှဲပေးနေတာလို့သိရပါတယ်။
၂၀၂၁ စစ်ကောင်စီ အာဏာသိမ်းမှုနောက်ပိုင်း ဒေသတွင်းမငြိမ်းချမ်းတာကြောင့် ချင်းပြည်နယ်အတွင်းက ဒေသခံအတော်များများဟာ နေအိမ်တွေကိုစွန့်ခွါပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင်း၊ မဏိပူရ်ပြည်နယ်အတွင်း နဲ့ မြန်မာပြည်တွင်းက စစ်မက်ဖြစ်ပွားမှု သက်သာတဲ့ မြို့ကြီးတွေကို ပြောင်းရွှေ့နေထိုင်ကြလျက်ရှိပါတယ်။
၅ သိန်းဝန်းကျင်ရှိတဲ့ ချင်းပြည်နယ် လူဦးရေရဲ့ ထက်ဝက်နီးပါးလူ ၂ သိန်းခွဲခန့် ဟာ ပြည်တွင်းနဲ့အိမ်နီးချင်းနိုင်ငံတွေကို ထွက် ပြေးစစ်ဘေးရှောင်နေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ မရရှိပဲ ဆိုးဆိုးရွားရွား အခြေအနေဖြစ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့၂၀၂၄ ခုနှစ်ဇွန်လ ၃ ရက် ထုတ်ပြန်ချက်အရသိရပါတယ်။
“ ပြည်နယ်အတွင်းမှာ ကျန်နေသေးတဲ့အမျိုးတွေနဲ့ လိုင်းရတဲ့အချိန် ရံဖန်ရံခါ ဖုန်းပြောဖြစ်တဲ့အချိန်တို့အိမ်ရဲ့အခြေအနေကို လှမ်းမေးဖြစ်တယ်။ ခြုံအရမ်းထူလို့ အိမ်ထဲတောင်မနည်းဝင်ကြည့်ပေးရတယ်။” လို့ ဟားခါးမြို့ကနေ ရန်ကုန်ရှိ ဆွေမျိုးများဆီ လာရောက်နေထိုင်တဲ့ အဘွားအိုတစ်ဦးကပြောပါတယ်။
ချင်းပြည်နယ်မှာစစ်ကောင်စီလက်အောက်ကအစိုးရဝန်ထမ်းတာဝန်ထမ်းဆောင်နေရတဲ့ သူတွေကိုစစ်ကောင်စီအနေနဲ့ လစာ ပုံမှန်မထုတ်ပေးနိုင်တာကြောင့် ဝန်ထမ်း တွေရဲ့လူမှုဘဝအခြေအနေအကြပ် အတည်းပိုမိုခက်ခဲလာနေပါတယ်။ စစ်ကောင်စီဖက်ကတော့ အခုကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပါဘူး။