အောက်တိုဘာလ ၂၅ ရက်။
ချင်းပြည်နယ် ဖလမ်းမြို့မှာ ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်( CNO/CNDF )အကြား ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ပြီး ဒေသခံပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖလမ်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ဖလမ်းမြို့ဒေသခံတစ်ဦးက “ ဒီနေ့ပစ်ခတ်တယ်လို့တော့ ဖြစ်စဉ်အသေးစိတ်တော့ မသိဘူး။ ၂ နာရီနီးပါးလောက်ကြာ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရတယ်။ အဲဒီမှာ ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရတယ်လို့လည်း သိရတယ်” လို့ပြောပါတယ်။
ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မနက်ပိုင်း ကိုးနာရီဝန်းကျင်လောက်မှာ ဖလမ်းမြို့ပေါ် အ.ထ.က (၁) ေကျာင်းဘက်ကို တပ်စွဲဖို့ သွားတဲ့အချိန် လမ်းခုလတ်မှာ CNDF ကတိုက်ခိုက်တာလို့လည်း ဒေသတွင်း သတင်းမီဒီယာတွေ ဖော်ပြချက်အရ သိရပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦးကို လက်နက်ကြီးကျည်ထိမှန်ခဲ့တယ်လို့လည်း သိရပြီး ဒေသခံပြည်သူ ထိခိုက်ဒဏ်ရာရ အခြေအနေ သိရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးတာတွေ ရှိတယ်လို့ သိရပြီး ဘယ်နှဦး သေဆုံးတယ်ဆိုတော့ မသိရသေးတဲ့ကြောင်း ဖလမ်းမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့ကလည်း ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်လို့ ဖလမ်းမြို့နယ်အတွင်းက အရပ်သားသေဆုံးထိခိုက် တာတွေ ရှိခဲ့ပါတယ်။