
အောက်တိုဘာလ ၂၉ ရက်။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha တပ်ဖွဲ့က တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတဲ့ နေရာကို မနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီ မိနစ် ၂၀ ကနေ ၉ နာရီဝန်းကျင်အထိ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ The Chinland Post မီဒီယာကို CDF – Hakha တပ်ဖွဲ့က တာဝန်ရှိသူတွေက ပြောဆိုထားတယ်လို့ သိရပါတယ်။
မနေ့ည ၈ နာရီ မိနစ် ၂၀ ကနေ ၉ နာရီဝန်းကျင်အတွင်း စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ တိုက်လေယာဉ် ၅ စီး အသုံးပြုပြီး CDF – Hakha တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တည်နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဟားခါးမြို့နယ်မှာ CDF – Hakha တပ်ဖွဲ့က တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုနဲ့ ပက်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး ၊ ဒဏ်ရာရ စာရင်းနဲ့ ပက်သက်ပြီး Chin World Media အနေဖြင့် အတည်ပြုနိုင်ဖို့ CDF – Hakha ဘက်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

