

အောက်တိုဘာ ၂၅ ရက်။
လုပ်ငန်းခွင် ပြန်ဝင်ချင်တဲ့ ချင်းပြည်နယ်က CDM ဝန်ထမ်းတွေအနေနဲ့ ZNP ပါတီကတစ်ဆင့် လျှောက်ထားနိုင်တယ်လို့ ၂၀၂၅ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်မှာ အနိုင်ရပါတီ၁ခုဖြစ်တဲ့ ဇိုမီးအမျိုးသားပါတီ (ZNP) က အောက်တိုဘာလ ၂၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေတုန်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နဲ့ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး အခြေအနေတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ အာဏာခွဲဝေမှု ကိစ္စတွေကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး အဲဒီဆွေးနွေးပွဲအပြီးမှာ တာဝန်ရှိသူတွေနဲ့ ZNP ပါတီသီးသန့်တွေ့ဆုံမှုကတစ်ဆင့် CDM ဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်ဝင်နိုင်ရေး သဘောတူညီချက် ရရှိခဲ့တာလို့ ZNP ကထုတ်ပြန်ပါတယ်။
CDM လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အရင်တုန်းက အခြေအနေတွေကြောင့် အချို့ဟာ ကြောက်ရွံ့မှု၊ ရှက်ရွံ့မှုတွေကြောင့် ဝင်ရောက်ခဲ့ကြသူတွေရှိကြောင်း၊နှစ်ပေါင်းများစွာ ရင်းနှီးထားရတဲ့ ဝန်ထမ်း ရာထူးတွေကို ဒီအတိုင်း ပစ်ထားရင် လူ့စွမ်းအား အရင်းအမြစ်တွေ မလိုအပ်ဘဲ ဆုံးရှုံးရမှာဖြစ်တာကြောင့် လုပ်ငန်းခွင် ပြန်ဝင်နိုင်အောင် လမ်းဖွင့်ပေးသင့်တယ်လို့ NSPNC ဘက်ကို တင်ပြခဲ့တယ်လို့
ZNP က ထုတ်ပြန်ပါတယ်။
လုပ်ငန်းခွင် ပြန်ဝင်ချင်တဲ့ ချင်းပြည်နယ်က CDM ဝန်ထမ်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ ကိုယ်ရေးအချက်အလက် ပုံစံတွေကို ဖြည့်စွက်ပြီး လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားလို့ ZNP တာဝန်ရှိသူတွေရဲ့ Viber နဲ့ အီးမေးလ်တို့ကနေတစ်ဆင့် လျှောက်ထားနိုင်တယ်လို့ အသိပေးထားပါတယ်။
ဌာနကင်းကွာ ဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရေးအတွက် ကိုယ်ရေးအချက်အလက် ဖြည့်စွက်လွှာကိုဖြည့်စွက်ပြီး Pu Deric (အထွေထွေအတွင်းရေးမှူး – ZNP) ၀၉၂၅၃၇၂၈၆၇၃ ၊ Pu Joseph Thang (အတွင်းရေးမှူး ၂ – ZNP) ၀၉၂၅၄၈၆၃၁၆၉ Viber နဲ့ အီးမေးလ် zominationalparty@gmail.com မှာ ပေးပို့နိုင်တယ်လို့ ZNP ကထုတ်ပြန်ထားပါတယ်။
ZNP ပါတီဟာ ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်မှာ အာဏာသိမ်းစစ်ကောင်စီကဦးစီးကျင်းပခဲ့တဲ့အပိုင်းလိုက်ပါတီစုံရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်နေရာမှာ ၃ ဦး၊ချင်းပြည်နယ်လွှတ်တော် နေရာမှာ ၄ ဦး စုစုပေါင်း ကိုယ်စားလှယ် ၇ နေရာ အနိုင်ရရှိခဲ့ပါတယ်။

