Headlines

ဒီနှစ်အတွင်း အကျဉ်းသား (၇) ဦး သေဆုံးခဲ့ရတဲ့အပေါ် ကလေးမြို့အကျဉ်းထောင်တာဝန်ရှိသူတွေကို အမြန်ဆုံးစုံစမ်းအရေးယူပေးဖို့ တောင်းဆို

အောက်တိုဘာလ ၂၁ ရက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်မှာ အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာတွေကြောင့် ဒီနှစ်အတွင်း အကျဉ်းသား (၇) ဦး သေဆုံးခဲ့ရတဲ့အပေါ် တာဝန်ရှိသူတွေကို အမြန်ဆုံး စုံစမ်းအရေးယူပေးဖို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။

ကလေးမြို့ မော်လိုက်ကလေးအကျဉ်းထောင်မှာ အာဟာရပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်းကြောင့် အိန္ဒိယနိုင်ငံသား ဂေါ်ရခါးလူမျိုး Buskal Khan အပါအဝင် ဒီနှစ်အတွင်း အကျဉ်းသား (၇) ဦး သေဆုံးခဲ့ရတဲ့အပေါ် အခုလို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

ကလေးမြို့ ၊မော်လိုက်ကလေးအကျဉ်းထောင်အတွင်း စနစ်တကျ အာဟာရပြတ်လပ်စေခြင်း၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မပေးခြင်းနှင့် အကျဉ်းထောင်အာဏာပိုင်များရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် အကျဉ်းသားများ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးနေရတယ်လို့ထုတ်ပြန်ထားပါတယ်။

လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) ဥပဒေဖြင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထောင်ဒဏ် (၆) လ ကျခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသား ဂေါ်ရခါးလူမျိုး Buskal Khan (ခ) Busket သည် သတ်မှတ်ပြစ်ဒဏ် လွတ်ရက်စေ့သွားသော်လည်း အကျဉ်းထောင် အိပ်ဆောင် (၃) အချုပ်ဆောင်၌ ဆက်လက် ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေသူ သက်သက်လွတ်သမားဖြစ်တဲ့ အဆိုပါနိုင်ငံခြားအကျဉ်းသားကို ထောင်အတွင်း အာဟာရပြတ်လပ်ကာ နှစ်လကျော်ကြာ ကျန်းမာရေး ဆိုးရွားစွာ ခံစားခဲ့ရပြီး အောက်တိုဘာလ ၅ ရက်နေ့ မနက် ၅ နာရီမှာ သေဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကလေးမြို့ အကျဉ်းထောင်အတွင်း အကျဉ်းသားတွေကို အာဟာရပြတ်လပ်မှုနဲ့ ရိက္ခာခေါင်းပုံဖြတ်ခံရတာ ၊ ဖိနှိပ်မှုနဲ့ အကြမ်းဖက်တာ၊ လာဘ်ပေးလာဘ်ယူစနစ်နဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့် ငြင်းပယ်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေကြတယ်လို့လည်း ကလေးမြိုလူထုတိုက်ပွဲဦးဆောင်ကော်မတီ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *