
အောက်တိုဘာလ ၁၇ ရက်။
အောက်တိုဘာ ၁၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်မြို့မှာ ချင်းတော်လှန်ရေးအင်အားစု၂ စုဖြစ်တဲ့ Chinland Council/CC နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB ) တို့ တွေ့ဆုံပြီး ချင်းအမျိုးသားကောင်စီ (CNC) ဖွဲ့စည်းရေး ထပ်မံ ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယမီဒီယာ Times of India က ဖော်ပြထားပါတယ်။
မနှစ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်တဲ့ Chinland Council (CC) အဖွဲ့တို့အကြား Chin National Council (CNC) ကို ဖွဲ့စည်းရန် သဘောတူညီချက်ရှိခဲ့ကြောင်း၊အချိိန် ၁ နှစ်ခွဲကျော်အကြာ ယခုနှစ်၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ CNC ဖွဲ့စည်းရေး ထပ်မံ တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်း သိရှိရပါတယ်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို Chinland Council ဒုဥက္ကဌ Pu Thang Ning Kee ,Salai Min Nyo ဦးဆောင်တဲ့ CC ဘက်မှ ကိုယ်စားလှယ် ၉ ဦး တက်ရောက်ခဲ့ပြီး ICNCC ဥက္ကဌ Thang Chawn Phe,ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း Salai Lian Luai တို့ပါဝင်တဲ့ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ခဲ့ကြောင်း Times of India က ဖော်ပြထားပါတယ်။
CNC ဖွဲ့စည်းရေး လမ်းပြမြေပုံကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lalduhoma က ဖွဲ့စည်းပေးထားတဲ့ ငြိမ်းချမ်းရေးအတွက် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့က ရေးဆွဲခဲ့ခြင်းဖြစ်ပြီး CC နှင့် ICNCC တို့က အတည်ပြုထားကာ၊အဆိုပါလမ်းပြမြေပုံအရ CNC ရဲ့အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံရှိ ချင်းပြည်သူများ၏ နိုင်ငံရေးဆန္ဒများကို အကောင်အထည်ဖော်နိုင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး ဖြစ်တယ်လို့ဖော်ပြထားပါတယ်။
CC နှင့် ICNCC တို့ဟာ ရေရှည်နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် CNC ဖွဲ့စည်းရာတွင် အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံတစ်ရပ်အတူရေးဆွဲသွားရန် သဘောတူခဲ့ကြကာ ၊ဒေသတွင်း၊ ပြည်နယ်အဆင့်နှင့် နိုင်ငံအဆင့်တို့တွင် ငြိမ်းချမ်းရေးနှင့် ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားရန်လည်း သဘောတူထားကြပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်မြောက်ပိုင်းက ဟားခါး၊ဖလမ်း၊ထန်တလန်၊တီးတိန်၊တွန်းဇံမြို့နယ်များကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ကန်ပက်လက််မြို့နယ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ဓာတ်ပုံ- မနှစ်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ချင်းတော်လှန်ရေးအင်အားစု ၂ စုတွေ့ဆုံခဲ့စဉ်။

