
အောက်တိုဘာလ ၁၃ ရက်။
အောက်တိုဘာလ ပထမပတ်အတွင်း ချင်းပြည်နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းမိတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၁၇ ဦးမှာ ၁၆ ဦးက စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေတယ်လို့ ဒီအခြေအနေကို လေ့လာစာရင်းပြုစုနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ပထမအပတ်အတွင်း အလင်းဝင်ပူးပေါင်းသူနဲ့ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၂၂ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။
အဲဒီမှာ အလင်းဝင်ပူးပေါင်းလာကြတဲ့ မကွေးတိုင်းက (၂) ဦး ၊ စစ်ကိုင်းတိုင်းက ၃ ဦး စုစုပေါင်း အလင်းဝင်ပူးပေါင်းလာသူ စုစုပေါင်း ၅ ဦး အနက် ၁ ဦးမှာ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်တိုက်ပွဲတွေမှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၁၇ ဦးအထိရှိပြီး အဲဒီ ၁၇ ဦးအနက် ၁၆ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်ကြတယ်လို့လည်း ဖော်ပြထားပေမယ့် ဘယ်တိုက်ပွဲတွေကနေ ဖမ်းဆီးရမိတဲ့သူတွေလည်းဆိုတာတော့ ဖော်ပြထားတာမျိုးမရှိပါဘူး။
လူငယ်တွေ အသက်ရှင်သန်ဖို့အရေး “ပစ” ဖြစ်မှ ပြေးမလား၊ အခုကတည်းက လွတ်မြောက်နယ်မြေရောက်အောင်သွားမလား ရွေးချယ်စရာ နှစ်လမ်းဘဲ ရှိတော့တာ သေချာနေပြီဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။
ပြည်သူ့ပန်းတိုင် ကောက်ယူထားတဲ့မှတ်တမ်းအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း – ၄၀၅၉ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

