
အောက်တိုဘာလ ၁၃ ရက်။
ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြိုတွင် နေထိုင်သူ မလှဝင်း (ခ) မလှတင်၊ အသက် (၃၈) ရှိသူဟာ မလေးရှားနိုင်ငံမှာ အထောက်အထားမရှိလို့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဖမ်းဆီးထိန်းသိမ်းခံရစဉ် ဖျားနာပြီး ကွယ်လွန်သွားခဲ့ရတယ်လို့ မလေးရှားမြန်မာ လူမှုကူညီရေးအသင်း(MMA)က ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကန်ပက်လက်မြိုနယ်၊ ကျင်ဒွေးမြိုတွင် နေထိုင်သူ မလှဝင်း (ခ) မလှတင်ဟာ မလေးရှားနိုင်ငံ၊ ပဲရပ်ပြည်နယ်၊ အီပိုမြိုတွင် အလုပ်လုပ်ကိုင်နေစဉ် အထောက်အထားမရှိခြင်းကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီလို ထိန်းသိမ်းခံနေရစဉ်အတွင်း မလှတင်ဟာ ဖျားနာလာလို့ တာပါးထိန်းသိမ်းရေးစခန်းကနေ တက်လူးအင်တန်းဆေးရုံကြီးကို ပို့ဆောင်ကာ ဆေးကုသမှုခံယူခဲ့ပေမယ့် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့တွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့ရတယ်လို့ ဆိုပါတယ်။
ကွယ်လွန်သူ မလှတင်၏ ရုပ်ကလာပ်ကို မလေးရှားနိုင်ငံရှိ Malaysia Myanmar Association (MMA)၊ Daai Community Malaysia၊ ကပုန်းနာရေးကူညီမှုအသင်းနှင့် မိသားစုဝင်များ ပူးပေါင်းကာ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေးခဲ့ကြပြီး ဟူတန်မာလိန်တန်တွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ကွယ်လွန်သူ မလှတင်၏ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ကျန်ရစ်သူမိသားစုဝင်များ စိတ်နှလုံးငြိမ်းချမ်းမှုရရှိကြပါစေကြောင်းလည်း မလေးရှားမြန်မာ လူမှုကူညီရေးအသင်း(MMA)က ဆုတောင်းမေတ္တာပို့သအပ်တယ်လို့ ဆိုပါတယ်။

