
အောက်တိုဘာလ ၁၃ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့ ၊ Dawrhlun ရပ်ကွက်ရုံးအနီးရှိ ရေမြောင်းအတွင်း ဖလမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမျိုးမင်းစိုးရဲ့သေဆုံးလျက်ရှိတဲ့ သူ့ ရုပ်အလောင်းကို ဒေသခံတွေက အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အသက် ၅၀ နှစ်ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမျိုးမင်းစိုးဖြစ်တယ်လို့လည်း ဖလမ်းဒေသခံတွေက ပြောဆိုကြပါတယ်။
သေဆုံးသူရဲ့ အိတ်အတွင်းငွေသားတချို့ကိုလည်း တွေ့ရှိရတယ်လို့ ပြောကြပြီး သေဆုံးသူဟာ အရက်သောက်တတ်သူဖြစ်လို့ တစ်ယောက်တည်းသွားလာစဉ် လမ်းဘေးမြောင်းထဲချော်လဲသေဆုံးတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
ဦးမျိုးမင်းစိုး သေဆုံးရတဲ့ အကြောင်းအရင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။
သေဆုံးသူ ဦးမျိုးမင်းစိုးရဲ့ ရုပ်အလောင်းကို အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းလောက်မှာ Cinmual သုသာန်မှာ သဂြိုလ်မြှုပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။

