IBA Human Rights Award 2026 ဆုကို ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး ရရှိ

အောက်တိုဘာလ ၁၂ ရက်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့ တရားမျှတမှုရရှိရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိတဲ့ တရားလွှတ်တော်ရှေ့နေ ချင်းအမျိုးသမီး ဒေါ်ဇာလီအေးကို ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် အောက်တိုဘာလ ၄ ရက်နေ့ကနေ ၉ ရက်အထိ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း (International Bar Association – IBA) ရဲ့နှစ်ပတ်လည်ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်ဆု ( IBA Human Rights Award 2026 )ဆု ကို လူကိုယ်တိုင်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဂုဏ်ပြုဆုဟာ တစ်ဦးတည်းရဲ့ ကြိုးပမ်းအားထုတ်မှုအတွက်သာမက လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာတိုအတွက် ယုံကြည်ချက်ခိုင်မာစွာဖြင့် အတူတကွ ရပ်တည်ကြိုးပမ်းခဲ့ကြသူများအားလုံး၏ စေတနာ၊ ယုံကြည်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုတိုကိုပါ အသိအမှတ်ပြုသည့် ဂုဏ်ပြုမှုတစ်ရပ်အဖြစ် ခံယူမိတယ်လို့လည်း ဒေါ်ဇာလီအေးက ၎င်းရဲ့ ဖေ့ဘုတ်မှာ ဖော်ပြထားပါတယ်။

ဒေါ်ဇာလီအေးဟာ တရားလွှတ်တော်ရှေ့နေအဖြစ် ဆောင်ရွက်ရင်း အမျိုးသမီးရေးရာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးရေး၊ LGBTIQ အခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ နွေဦးတော်လှန်ရေးကာလ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လုပ်ငန်းတွေကို အစဉ်တစိုက် အားထုတ်ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့ တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိတဲ့ တရားလွှတ်တော်ရှေ့နေ ချင်းအမျိုးသမီး ဒေါ်ဇာလီအေးကို ပြီးခဲ့တဲ့ ဇူလိုင်လက အပြည်ပြည်ဆိုင်ရာ ရှေ့နေများအသင်း ( IBA) က ၂၀၂၆ ခုနှစ်၊ လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “IBA Award for Outstanding Contribution by Legal Practitioner to Huma Right 2026” ဆုကို ချီးမြင့်ခဲ့ပါတယ်။

ဒေါ်ဇာလီအေးဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့ နယ်ကနေ မွေးဖွားကြီးပြင်းလာခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့ တရားမျှတမှု ဖော်ဆောင်ရေးတို့အတွက် ကိုယ်ကျိုးစွန့်အားထုတ်ကြိုးပမ်းခဲ့မှုအပေါ် အခုလို နို်င်ငံတကာအဆင့်က အသိမှတ်ပြု ဆုချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *