Headlines

Zokhawthar သင်္ချိုင်းက ကျောက်စာကို မီဇိုဘာသာစကားဖြင့် ပြင်ဆင်ခိုင်းတဲ့အပေါ် CYLA ကန့်ကွက်

စက်တင်ဘာလ ၂၉ ရက်။

ချင်းစစ်ဘေးရှောင်တွေ ထောင်နဲ့ချီရှိတဲ့ အိန္ဒိယ – မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Zokhawthar သင်္ချိုင်းမှာ မီဇိုဘာသာစကားနဲ့ မရေးထားတဲ့ သင်္ချိုင်းကျောက်စာတွေကို ပြန်လည်ပြင်ဆင်ဖို့ Zokhawthar Branch YMA ထုတ်ပြန်ထားတဲ့အပေါ် မီဇိုရမ်ပြည်နယ်အခြေစိုက် Central Young Lai Association ( CYLA) က ကန့်ကွက်ကြောင်း ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မီဇိုရမ်ပြည်နယ်၊ Zokhawthar သင်္ချိုင်းမှာ မီဇိုဘာသာစကားနဲ့ မရေးထားတဲ့ကျောက်စာတွေကို တစ်ပတ်အတွင်း ပြန်လည်ပြင်ဆင်ဖို့ နဲ့ သတ်မှတ်ရက်အတွင်း ပြင်ဆင်တာမရှိရင် လိုအပ်သလို ဆောင်ရွက်ဖို့ Zokhawthar Branch YMA က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကျောက်စာတွေမှာ မီဇိုဘာသာမဟုတ်ဘူးလို့ သတ်မှတ်ထားတဲ့ စာတွေဟာ Lai (လိုင်) ဘာသာစကားတွေဖြစ်တာကြောင့် ဒီလိုပြင်ဆင်ခိုင်းတာဟာ လက်ခံလို့ မရတဲ့အကြောင်း Central Young Lai Association ( CYLA) ကထောက်ပြပါတယ်။

မီဇိုရမ်အတွင်း Lusei ၊ Lai ၊ Mara ၊ Hmar ၊ Paihte စတဲ့ လူမျိုးစုတွေ အတူတကွ နေထိုင်ကြပြီး ကိုယ်ပိုင်ဘာသာစကားတွေရှိကြသလို အဲဒီမှာ ဘာသာစကားတချို့ဟာ အသုံးပြုသူနည်းလာတာနဲ့အမျှ ပျောက်ကွယ့်မယ့်အခြေအနေရှိနေတဲ့အတွက် ရှိပြီးသား ဘာသာစကားတွေ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းနိုင်ဖို့ အရေးကြီးတယ်လို့ Central Young Lai Association ( CYLA) ကထုတ်ပြန်ထားပါတယ်။

မီဇိုရမ်မှာ လူမျိုးနွယ်စုကွဲပြားမှုတွေ ရှိပေမယ့် အတူတကွ ငြိမ်းချမ်းစွာနေထိုင်နေကြတဲ့အခြေအနေကို ဆက်လက်ထိန်းသိမ်းဖို့လိုပြီး လူမျိုးနွယ်စုအကြား စည်းလုံးညီညွှတ်မှုကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေဟာ မဖြစ်သင့်ဘူးလို့ CYLA ကဆိုပါတယ်။

Zokhawthar ဟာ အိန္ဒိယ – မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာဖြစ်ပြီး ချင်းလူမျိုးစစ်ရှောင်တွေ ထောင်နဲ့ချီနေထိုင်တဲ့ နယ်စပ်ရွာကြီးတစ်ရွာဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *