Headlines

ပဋိပက္ခကြားက သယံဇာတထုတ်ယူမှုတွေက လက်နက်ကိုင်အုပ်စုတွေရဲ့ စစ်စရိတ်ကို အားကောင်းစေလို့ HRM ထောက်ပြ

စက်တင်ဘာ ၁ ရက်။

မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ နယ်မြေအစိတ်စိတ်အမွှာမွှာ ထိန်းချုပ်ထားချိန်မှာ သယံဇာတ တူးဖော်ရေး စီမံကိန်းတွေကနေ ရရှိတဲ့ အခွန်အခနဲ့ ဝင်ငွေတွေဟာ လက်နက်ကိုင် အင်အားစုတွေဆီ ရောက်ရှိပြီး ပဋိပက္ခ စစ်စရိတ်စီးပွားရေး (Conflict Economy) ကို ပိုမိုအားကောင်း လည်ပတ်စေနေတယ်လို့ ကုလသမဂ္ဂရဲ့ သန့်ရှင်းကျန်းမာတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး အထူးကိုယ်စားလှယ်ထံ Human Rights Myanmar (HRM) က တင်သွင်းတဲ့ ၂၀၂၆ ခုနှစ် သြဂုတ်လထုတ် အစီရင်ခံစာအရ သိရပါတယ်။

အစီရင်ခံစာပါ ဖော်ပြချက်အရ အဆိုပါ သယံဇာတ တူးဖော်မှုတွေဟာ စစ်ကော်မရှင်နဲ့ ဆက်နွှယ်တဲ့ ပြည်သူ့စစ်တွေအပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အဓိက ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အဆိုပါ သတ္တုတူးဖော်မှုကနေ ရရှိတဲ့ အခွန်အခနဲ့ ဝင်ငွေတွေဟာ သက်ဆိုင်ရာ လက်နက်ကိုင် အင်အားစုတွေဆီကို စီးဝင်နေပြီး ပဋိပက္ခ စစ်စရိတ် စီးပွားရေးကို အဓိက လည်ပတ်စေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော် မဟုတ်တဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေ ထိန်းချုပ်ရာ နယ်မြေတွေမှာလည်း သဘာဝပတ်ဝန်းကျင် ကာကွယ်လှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှုတွေ ရှိနေပြီး၊ ၂၀၂၆ ခုနှစ်အတွင်း လားရှိုးမြို့နယ်မှာ ရွှေတူးဖော်မှုကို ဆန္ဒပြခဲ့တဲ့ ဒေသခံ ၃၆ ဦးကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ဖြစ်စဉ်မျိုး အပါအဝင် သယံဇာတ စီမံကိန်းတွေမှာ လက်နက်ကိုင် အင်အားစုတွေ ပါဝင်ပတ်သက်နေမှုကြောင့် ဒေသခံတွေအပေါ် ခြိမ်းခြောက် ဖိနှိပ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။

ဒီလို သယံဇာတ ထုတ်ယူမှုတွေကြောင့် ထိခိုက်နစ်နာရမှုတွေ ရှိနေပေမဲ့ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ လုံးဝ မရှိတာ မဟုတ်ဘဲ ဘေးကင်းပြီး လွတ်လပ်တဲ့ အကောင်အထည်ဖော်မှု ယန္တရားတွေ ကင်းမဲ့နေတာက အဓိက အားနည်းချက် ဖြစ်နေပါတယ်။ စီမံကိန်းတွေကြောင့် ထိခိုက်နစ်နာရမှုတွေကို တိုင်ကြားလာပါက သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်သူတွေဟာ စောင့်ကြည့်ခံရတာနဲ့ လက်တုံ့ပြန် ဖိနှိပ်ခံရတာတွေ ကြုံတွေ့နေရသလို၊ စုံစမ်းစစ်ဆေးသူတွေမှာလည်း လွတ်လပ်ခွင့် မရှိတဲ့အတွက် ထိရောက်တဲ့ ကုစားမှုနဲ့ တရားမျှတမှုတွေ မရရှိနိုင်ဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဒေသတွင်း ယန္တရားတွေ လုံခြုံမှုမရှိချိန်မှာ ယုံကြည်စိတ်ချရတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကတစ်ဆင့် တိုင်ကြားနိုင်မယ့် လွတ်လပ်တဲ့ လမ်းကြောင်းတွေ မရှိမဖြစ် လိုအပ်နေတယ်လို့လည်း HRM အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း အဆိုပါ သယံဇာတ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်တွေမှာ ရေထု၊ သစ်တော၊ စိုက်ပျိုးရေးနဲ့ ရိုးရာဆေးဖက်ဝင် အပင်တွေအကြောင်း အထူးကျွမ်းကျင်နားလည်တဲ့ ဒေသခံ တိုင်းရင်းသူ အမျိုးသမီးတွေဟာ ဖယ်ထုတ်ခံထားရတယ်လို့ အလေးထား ထောက်ပြထားပါတယ်။

သတ္တုတူးဖော်ရေး စခန်းတွေ အနီးမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ ခေါင်းပုံဖြတ်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အန္တရာယ်တွေကို ပိုမို ရင်ဆိုင်နေရသလို၊ ဒေသခံ လူငယ်တွေမှာလည်း ပညာသင်ကြားခွင့်တွေ ဆုံးရှုံးပြီး မိုင်းတွင်းတွေမှာ အသက်အန္တရာယ်များတဲ့ အလုပ်တွေကို ဝင်ရောက် လုပ်ကိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *