








DonBosco
ဇွန်လ ၂၅ ရက်။
သမိုင်းဝင် အိန္ဒိယဗဟိုအစိုးရနဲ့ မီဇိုရမ်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ နှစ် ၄၀ ပြည့်မြောက်ဖို့ ရက်ပိုင်းအလိုမှာပဲ Mizoram Resource Mobilization Committee (MRMC) က ပြည်နယ်အတွက် သီးသန့်တရားလွှတ်တော်ချုပ် (High Court) တစ်ရပ် ထူထောင်ဖို့ ဖိအားပေးတောင်းဆိုမှုတွေကို ပြန်လည်စတင်လိုက်ပါတယ်။
ဒါဟာ ပြည်နယ်အတွင်း ဆယ်စုနှစ်နှစ်ခုစာ ကြာမြင့်ခဲ့တဲ့ လက်နက်ကိုင်ပုန်ကန်မှုကို အဆုံးသတ်စေခဲ့တဲ့ အဆိုပါ သမိုင်းဝင်သဘောတူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
အဆိုပါ အဆိုပြုချက်ကို ဇွန်လ ၂၃ ရက်နေ့က ဝန်ကြီးချုပ် Pu Lalduhoma သဘာပတိအဖြစ် ဆောင်ရွက်တဲ့ MRMC အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ကော်မတီရဲ့ မှတ်တမ်းတွေအရ သီးသန့်တရားလွှတ်တော်ချုပ်တစ်ရပ် ဖွဲ့စည်းဖို့ဆိုတာ ၁၉၈၆ ခုနှစ် ငြိမ်းချမ်းရေးစာချုပ်မှာ ကတည်းက မျှော်မှန်းပြဋ္ဌာန်းထားတဲ့ အချက်တွေထဲက တစ်ခုဖြစ်ပြီး၊ အခုလို ထူထောင်လိုက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးစာချုပ်ပါ ကတိကဝတ်တွေကို ပိုမိုအကောင်အထည်ဖော်နိုင်မယ့်အပြင် တရားမျှတမှုရရှိရေး အခွင့်အလမ်းကိုလည်း ပိုမိုခိုင်မာစေမှာဖြစ်ကြောင်း ဆိုပါတယ်။
ဒါ့အပြင် MRMC ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဆပ်ကော်မတီကလည်း သီးသန့်တရားလွှတ်တော်ချုပ် ဖွဲ့စည်းဖို့အတွက် ၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့ကတည်းက အကြံပြုချက် တင်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ ကော်မတီရဲ့ အဆိုအရ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ တရားစီရင်ရေးဌာနက အရာရှိတွေနဲ့လည်း အရင်ကတည်းက ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။ အဆိုပြုထားတဲ့ တရားလွှတ်တော်ချုပ် အဆောက်အအုံအတွက်လည်း လုံလောက်တဲ့ မြေနေရာရှိနေပြီဖြစ်ကြောင်း မှတ်တမ်းတင်ထားပါတယ်။
အခုလို သီးသန့်တရားလွှတ်တော်ချုပ်တစ်ရပ် ရှိလာရင် မီဇိုရမ်ပြည်သူတွေအတွက် တရားမျှတမှု ရှာဖွေရတာ ပိုပြီး အဆင်ပြေချောမွေ့သွားစေမယ့်အပြင် ရေရှည်မှာ အစိုးရရဲ့ အသုံးစရိတ်တွေကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ကြောင်း ကော်မတီက သုံးသပ်ထားပါတယ်။
နှစ် ၄၀ သက်တမ်းရှိပြီဖြစ်သည့် ငြိမ်းချမ်းရေးစာချုပ်
အိန္ဒိယအစိုးရနဲ့ Mizo National Front (MNF) တို့အကြား ၁၉၈၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ မီဇိုရမ်ငြိမ်းချမ်းရေးစာချုပ်ဟာ အိန္ဒိယနိုင်ငံရဲ့ အောင်မြင်မှုအဆုံးသတ်ဆုံး ငြိမ်းချမ်းရေးသဘောတူညီချက်တွေထဲက တစ်ခုအဖြစ် လူသိများပါတယ်။ ဒီစာချုပ်ကြောင့် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ လက်နက်ကိုင်ပုန်ကန်မှုတွေ အဆုံးသတ်သွားခဲ့ပြီး၊ ၁၉၈၇ ခုနှစ်မှာ မီဇိုရမ်ပြည်နယ်အဖြစ် အဆင့်တိုးမြှင့် သတ်မှတ်ပေးနိုင်ဖို့ လမ်းခင်းပေးခဲ့တာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးစာချုပ်ပါအတိုင်း အိန္ဒိယအစိုးရက မီဇိုရမ်ကို ပြည်နယ်အဆင့် သတ်မှတ်ပေးဖို့ ကတိကဝတ်ကို တည်ခဲ့တာကြောင့် ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မီဇိုရမ်ဟာ အိန္ဒိယနိုင်ငံရဲ့ ၂၃ ခုမြောက် ပြည်နယ် ဖြစ်လာခဲ့ပါတယ်။
ပြည်နယ်အဆင့် သတ်မှတ်ပေးခဲ့ရုံတင်မကဘဲ မီဇိုရမ်အတွက် အခြေခံဥပဒေဆိုင်ရာ အထူးအကာအကွယ်တွေ ပေးနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၅၃ ကြိမ်မြောက် ပြင်ဆင်ချက်) အက်ဥပဒေ ၁၉ school ကနေတစ်ဆင့် ပုဒ်မ ၃၇၁-ဂျီ (Article 371G) ကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒီပုဒ်မဟာ မီဇိုရမ်ပြည်နယ်ရဲ့ သီးခြားထင်ရှားတဲ့ ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာကို ကာကွယ်စောင့်ရှိက်ပေးထားတာ ဖြစ်ပါတယ်။ ဘာသာရေး သို့မဟုတ် လူမှုရေး ဓလေ့ထုံးတမ်းများ၊ မီဇိုရိုးရာဓလေ့ဥပဒေ၊ မီဇိုရိုးရာဓလေ့ဥပဒေအရ တရားမနဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေး စီမံခန့်ခွဲမှုတွေအပြင် မြေယာပိုင်ဆိုင်မှုနဲ့ လွှဲပြောင်းမှုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က ပြဋ္ဌာန်းတဲ့ အက်ဥပဒေတွေဟာ မီဇိုရမ်ပြည်နယ်လွှတ်တော်က အတည်မပြုသရွေ့ မီဇိုရမ်ပြည်နယ်ထဲမှာ အကျုံးမဝင်စေဖို့ ဒီပုဒ်မက အာမခံပေးထားတာ ဖြစ်ပါတယ်။
အဆိုပါ သမိုင်းဝင်စာချုပ်ကို အဲဒီတုန်းက မီဇိုရမ်ပြည်နယ် အရာရှိချုပ် Lalkhama၊ အိန္ဒိယအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး R.D. Pradhan နဲ့ Mizo National Front (MNF) ခေါင်းဆောင် Laldenga တို့က လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
စာချုပ်ထဲက အကောင်အထည်မဖော်ရသေးသည့် ကတိကဝတ်များ
ဒါပေမဲ့လည်း ၁၉၈၆ ခုနှစ် ငြိမ်းချမ်းရေးစာချုပ်ထဲက အရေးကြီးတဲ့ ပြဋ္ဌာန်းချက်အချို့ဟာ အခုထက်ထိ အကောင်အထည်မဖော်နိုင်သေးဘဲ ကျန်ရှိနေပါသေးတယ်။ အထူးသဖြင့် မီဇိုရမ်ပြည်နယ်အနေနဲ့ အလိုရှိပါက မိမိတို့ကိုယ်ပိုင် တရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိပိုင်ခွင့်ရှိတယ်လို့ စာချုပ်ထဲမှာ အတိအကျ သဘောတူထားပေမဲ့၊ လက်ရှိအချိန်ထိ Assam, Nagaland နဲ့ Arunachal Pradesh ပြည်နယ်တွေကိုပါ တရားစီရင်ပေးနေတဲ့ Gauhati High Court ရဲ့ စီရင်ပိုင်ခွင့်အောက်မှာပဲ ဆက်ရှိနေပါသေးတယ်။
ဒါကြောင့် မီဇိုရမ်ဟာ ပြည်နယ်အဆင့် သတ်မှတ်ခံရတာ ဆယ်စုနှစ်လေးခုနီးပါး ရှိလာခဲ့ပြီဖြစ်ပေမဲ့ အိန္ဒိယနိုင်ငံမှာ သီးသန့်တရားလွှတ်တော်ချုပ် မရှိသေးတဲ့ ပြည်နယ် ၄ ခုထဲက တစ်ခုအဖြစ် ကျန်ရစ်နေတာ ဖြစ်ပါတယ်။ အနီးနားက Arunachal Pradesh, Manipur နဲ့ Tripura ပြည်နယ်တွေဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင်တရားလွှတ်တော်ချုပ်တွေကို ၂၀၁၃ ခုနှစ်ကတည်းက ရရှိခဲ့တာမို့လို့ မီဇိုရမ်ရဲ့ ကြန့်ကြာနေမှုဟာ ပိုပြီး သိသာထင်ရှားနေပါတယ်။
ဒီသီးသန့်တရားလွှတ်တော်ချုပ်ကိစ္စဟာ နှစ်တွေအတွင်း အခါအားလျော်စွာ ပြန်လည်ထွက်ပေါ်လာလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက ဗဟိုဥပဒေဝန်ကြီးဌာနက လွှတ်တော်ကို အကြောင်းကြားရာမှာတော့ သီးသန့်တရားလွှတ်တော်ချုပ် ထူထောင်ဖို့အတွက် မီဇိုရမ် ဒါမှမဟုတ် ပြည်နယ်တွေဘက်ကနေ ဗဟိုအစိုးရထံ တင်ပြထားတဲ့ အဆိုပြုချက် တစ်စုံတစ်ရာ မရှိသေးကြောင်း ပြောဆိုခဲ့ပါတယ်။
လွှတ်တော်အမတ်လည်းဖြစ်၊ ဝါရင့်ရှေ့နေလည်းဖြစ်တဲ့ P. Wilson က Rajya Sabha (အထက်လွှတ်တော်) တွင် မေးမြန်းခဲ့တဲ့ မေးခွန်းကို ဥပဒေနဲ့ တရားမျှတမှုဆိုင်ရာ ပြည်ထောင်စုဝန်ကြီး Arjun Ram Meghwal က ပြန်လည်ဖြေကြားရာမှာ Gauhati High Court ဟာ Assam, Nagaland, Arunachal Pradesh နဲ့ မီဇိုရမ်ပြည်နယ်တို့အတွက် ဘုံတရားလွှတ်တော်ချုပ်အဖြစ် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဝန်ကြီးဌာနရဲ့ ပြန်လည်ဖြေကြားချက်မှာ Nagaland ပြည်နယ်ဘက်ကတော့ သီးသန့်တရားလွှတ်တော်ချုပ် ထူထောင်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၇ ရက်နေ့က ဆုံးဖြတ်ချက်ကို တင်ပြထားဖူးကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အရှေ့မြောက်ဒေသမှာ သီးသန့်တရားလွှတ်တော်ချုပ်တွေ ထူထောင်ဖို့ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ၁၉၇၁ ခုနှစ် အရှေ့မြောက်ဒေသများ (ပြန်လည်ဖွဲ့စည်းရေး) အက်ဥပဒေကို ပြင်ဆင်ချက်တွေ လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
တစ်ဖက်မှာလည်း Meghalaya, Manipur နဲ့ Tripura ပြည်နယ်တွေဟာ နှစ်ပေါင်းများစွာ နိုင်ငံရေးအရ တောင်းဆိုလှုံ့ဆော်ခဲ့ကြပြီးနောက် ၂၀၁၃ ခုနှစ်မှာ သီးသန့်တရားလွှတ်တော်ချုပ်တွေ ခွင့်ပြုချက် ရရှိခဲ့ကြတာဖြစ်ပြီး၊ Sikkim ပြည်နယ်ကတော့ ပြည်နယ်အဆင့် ရရှိခဲ့ကတည်းက ကိုယ်ပိုင်တရားလွှတ်တော်ချုပ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ် ၂၈ ခုထဲမှာ အခုဆိုရင် ၂၄ ခုမှာ သီးသန့်တရားလွှတ်တော်ချုပ်တွေ ရှိနေပြီ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်က Meghalaya, Manipur နဲ့ Tripura ပြည်နယ်တွေမှာ တရားလွှတ်တော်ချုပ်တွေ ထူထောင်နိုင်ခဲ့တာဟာ အရင်က အရှေ့မြောက်ပိုင်း ၇ ပြည်နယ်စလုံးကို တရားစီရင်ပေးခဲ့ရတဲ့ Gauhati High Court ကနေ ခွဲထွက်နိုင်ခဲ့တဲ့ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။
တရားလွှတ်တော်ချုပ်က ဘာတွေကို အဓိကလုပ်ပေးသလဲ
တရားလွှတ်တော်ချုပ်ရုံးရဲ့ အဓိကတာဝန်ကတော့ ပြည်နယ်အတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေး အဆင်ပြေချောမွေ့စေဖို့ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ မွေးရာပါ အခြေခံအခွင့်အရေးတွေကို အစိုးရဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ချိုးဖောက်လာရင် တရားလွှတ်တော်ချုပ်ကနေ ကြားဖြတ်အမိန့်တွေ (Writs) ထုတ်ပြန်ပြီး တိုက်ရိုက်အကာအကွယ်ပေးပါတယ်။
ပြည်နယ်အတွင်းမှာရှိတဲ့ ခရိုင်တရားရုံးတွေ၊ အောက်ခြေတရားရုံးတွေက ချမှတ်လိုက်တဲ့ တရားမမှု ဒါမှမဟုတ် ရာဇဝတ်မှုဆိုင်ရာ အမိန့်တွေကို မကျေနပ်လို့ အယူခံဝင်လာတဲ့အမှုတွေကို ပြန်လည်စိစစ်ပြီး အပြီးသတ် စီရင်ချက်ချပေးပါတယ်။
ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ ခရိုင်နဲ့ အောက်ခြေတရားရုံးအားလုံးရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ၊ တရားသူကြီးတွေရဲ့ ကျင့်ဝတ်နဲ့ စီမံခန့်ခွဲမှုတွေကို တရားလွှတ်တော်ချုပ်ကပဲ အဓိက အထက်လူကြီးအနေနဲ့ ကြီးကြပ်ကွပ်ကဲရတာ ဖြစ်ပါတယ်။
အဖွဲ့ရုံးရဲ့ ရန်ပုံငွေကို ဘယ်ကနေ ထောက်ပံ့သလဲ
အိန္ဒိယခြေခံဥပဒေအရ တရားစီရင်ရေးမဏ္ဍိုင် လွတ်လပ်ပြီး ဘက်လိုက်မှုမရှိစေဖို့အတွက် တရားလွှတ်တော်ချုပ်ရဲ့ ရန်ပုံငွေနဲ့ အသုံးစရိတ်တွေကို အုပ်ချုပ်ရေးပိုင်းရဲ့ စွက်ဖက်မှုမရှိအောင် သီးသန့် အကာအကွယ်ပေးထားပါတယ်။
တရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ လစာ၊ စရိတ်တွေနဲ့ ရုံးလုပ်ငန်းဆိုင်ရာ ကုန်ကျစရိတ်အားလုံးကို သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ စုပေါင်းရန်ပုံငွေကနေ တိုက်ရိုက်ကျခံသုံးစွဲပါတယ်။ ဒီအသုံးစရိတ်တွေကို ပြည်နယ်လွှတ်တော်မှာ လာရောက်ဆွေးနွေးငြင်းခုံပြီး ဖြတ်တောက်တာမျိုး လုပ်ပိုင်ခွင့် မရှိပါဘူး။
တရားလွှတ်တော်ချုပ် တရားသူကြီးတွေ အငြိမ်းစားယူတဲ့အခါ ပေးရမယ့် ပင်စင်လစာတွေကိုတော့ ပြည်နယ်ဘတ်ဂျက်ကနေ မဟုတ်ဘဲ အိန္ဒိယဗဟိုအစိုးရ (ဒေလီ) ရဲ့ စုပေါင်းရန်ပုံငွေကနေ တိုက်ရိုက်တာဝန်ယူ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
ပြည်နယ်တစ်ခုမှာ တရားလွှတ်တော်ချုပ်ရှိဖို့ ဘယ်လောက်အထိ အရေးပါသလဲ
မီဇိုရမ်ပြည်နယ်က အခုလို သီးသန့်တရားလွှတ်တော်ချုပ် ရချင်နေတာဟာ ပြည်နယ်တစ်ခုအတွက် ဂုဏ်သိက္ခာတင်မကဘဲ အောက်ပါအချက်တွေကြောင့် လက်တွေ့မြေပြင်မှာ အလွန်အရေးပါလို့ ဖြစ်ပါတယ်။
လက်ရှိ မီဇိုရမ်ဟာ Assam ပြည်နယ် Gauhati မှာရှိတဲ့ တရားလွှတ်တော်ချုပ်ရဲ့ အောက်မှာ ရှိနေတာမို့လို့ အမှုအခင်းကိစ္စတွေအတွက် အဝေးကြီး သွားရသလို အမှုတွေလည်း ကြန့်ကြာနေတတ်ပါတယ်။ မိမိပြည်နယ်မှာ ကိုယ်ပိုင်ရုံးရှိလာရင်တော့ ပြည်သူတွေအနေနဲ့ ခရီးစရိတ်နဲ့ အချိန်ကုန် သက်သာပြီး တရားမျှတမှုကို မြန်မြန်ဆန်ဆန် ရရှိနိုင်မှာပါ။
မီဇိုရမ်လို လူမျိုးစုနယ်မြေတွေမှာ ကိုယ်ပိုင်ရိုးရာ ဓလေ့ထုံးတမ်းဥပဒေတွေ (Customary Laws) ရှိပါတယ်။ ပြည်နယ်တွင်းမှာပဲ သီးသန့်တရားလွှတ်တော်ချုပ် ရှိနေရင် အဆိုပါ ဓလေ့ထုံးတမ်းတွေကို ပိုမိုနားလည်တဲ့ ဒေသခံဥပဒေပညာရှင်တွေ၊ တရားသူကြီးတွေက တရားစီရင်ပေးနိုင်တဲ့အတွက် ပြည်သူတွေအတွက် ပိုပြီး သဘာဝကျပြီး တရားမျှတမှု ရှိစေပါတယ်။
တရားလွှတ်တော်ချုပ်ဟာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားလုပ်မှုတွေ၊ အခြေခံဥပဒေနဲ့မညီတဲ့ မူဝါဒတွေကို တားဆီးပေးနိုင်တဲ့ တစ်ခုတည်းသော အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့် ပြည်နယ်တစ်ခုရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အချုပ်အခြာအာဏာ ပိုမိုခိုင်မာဖို့အတွက် သီးသန့်တရားလွှတ်တော်ချုပ် ရှိနေခြင်းက မရှိမဖြစ် အရေးပါလှတာ ဖြစ်ပါတယ်။
Sources:
The Frontier Despatch _ Mizoram Resource Mobilization Committee (MRMC) Renews Push for Separate High Court Ahead of Peace Accord 40th Anniversary.
EastMojo _ Mizoram marks 40 years of peace: What happened to the Accord’s HC provision?
Ministry of Home Affairs (MHA), Government of India – The Mizoram Peace Accord (June 30,1986)

