
ဇွန်လ ၂၀ ရက်။
ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လည်ထွက်ခွာလို့ မရအောင် ပိတ်ဆို့တိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ ထန်တလန်မြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ CDF-Thantlang က ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဟားခါးမြို့ကနေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ညပိုင်းတွင် ထန်တလန်မြို့ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဇွန်လ ၁၀ ရက်နေ့ကနေ ဇွန်လ ၁၉ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွား နေတယ်လို့ ဆိုပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ Suicide Drone များနှင့် (Tear Gas) များ အသုံးပြုခဲ့ပေမယ့် ချင်းတော်လှန်နေရေးတပ်ဖွဲ့တွေဘက်က ၎င်းတို့ရဲ့ ကာကွယ်ရေးစခန်တွေကို အခိုင်အမာ ကာကွယ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပြီး စစ်ကောင်စီရဲ့ Suicide Drone ၅ စင်းကိုလည်းပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရသူတွေ အမြောက်အများရှိခဲ့ပြီး ချင်းအမျိုးသားတပ်မ တော် (CNA) နှင့် CDF-Thantlang တပ်ဖွဲ့များဘက်တွင် ဒဏ်ရာရရှိသူ ၊ အသက်ဆုံးရှုံးသူ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဟားခါးမြို့ကနေ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာ မော်ယာဉ်လေးစီးနဲ့ အင်အား ၃၀၀ – ၄၀၀ ဝန်းကျင်ခန့်ဖြင့် ထန်တလန်ဘက်ကို ထွက်ခွာခဲ့တာဖြစ်ပြီး ဟားခါး – ထန်တလန် လမ်းပိုင်းတွင်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များက တစ်ပတ်ခန့် အပြင်းအထန် တားဆီးတိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲများ ပြင်းထန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဟားခါး – ထန်တလန်မြို့ အကြား ဆက်သွယ်ရေး လမ်းကြောင်းကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ပြီဖြစ်လို့ ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေး ဆောင်ရွက်နေပြီလို့ စစ်ကောင်စီဘက်က ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

