
ဇွန်လ ၂၀ ရက်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ ပြည်နယ်တွေအတွက် သတ်မှတ်ထားတဲ့ ပြင်ပအကူအညီရစီမံကိန်းများ (EAPs) ရဲ့ ရံပုံငွေမျက်နှာကြက် (Funding Ceiling) ကို တိုးမြှင့်ပေးဖို့ မီဇိုရမ်ဝန်ကြီးချုပ် Lalduhoma က ဇွန်လ ၁၉ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်
နိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ္ဍာငွေတွေကို ပိုမိုရယူအသုံးပြုခွင့်ရရှိခြင်းဟာ တစ်ဒေသလုံးရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုစီးပွားဘဝ တိုးတက်မှုကို သိသိသာသာ အရှိန်အဟုန်မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
မီဇိုရမ်ပြည်နယ် Shillong မြို့မှာ ကျင်းပတဲ့ “အရှေ့မြောက်ပြည်နယ်များတွင် ပြင်ပအကူအညီရစီမံကိန်းများ (EAPs) ကို ထိရောက်စွာ အသုံးချခြင်း” ဆိုင်ရာ ဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်က အခုလို တိုက်တွန်းခဲ့တာပါ။
ဒီအစီအစဉ်ကို ဗဟိုဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ စီးပွားရေးရာဌာန (DEA) က ကြီးမှူးကျင်းပတာဖြစ်ပြီး၊ ဗဟိုဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားသို့ အရှေ့မြောက်ပြည်နယ်အားလုံးက ဝန်ကြီးချုပ်တွေ၊ အစိုးရ အဆင့်မြင့်အရာရှိကြီးတွေနဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး၊ ပြင်ပရန်ပုံငွေပံ့ပိုးထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မယ့် မဟာဗျူဟာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲအတွင်း Lalduhoma က မီဇိုရမ်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်မှာ ပြင်ပအကူအညီရစီမံကိန်းတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ အခုလို စီမံကိန်းတွေဟာ ဘဏ္ဍာရေးဆိုင်ရာ ကူညီပံ့ပိုးမှုတွေတင်မကဘဲ တန်ဖိုးရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ ကမ္ဘာ့အကောင်းဆုံး လုပ်ထုံးလုပ်နည်းတွေနဲ့ စနစ်တကျ လမ်းညွှန်မှုတွေကိုပါ ဆောင်ကြဉ်းပေးနိုင်တာကြောင့် စီမံကိန်းတွေ အကောင်အထည်ဖော်မှုနဲ့ ရလဒ်ကောင်းတွေကို ပိုမိုတိုးတက်ကောင်းမွန်စေတယ်လို့ဆိုပါတယ်။
မီဇိုရမ်ပြည်နယ်ဟာ အခြေခံအဆောက်အအုံနဲ့ ပြည်သူ့အကျိုးပြုစီမံကိန်းတွေအတွက် ပြင်ပအကူအညီရ ရန်ပုံငွေတွေကို ထိရောက်စွာ အသုံးချရာမှာ အရှေ့မြောက်ဒေသရှိ ထိပ်တန်းပြည်နယ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ ဝန်ကြီးချုပ်က မှတ်ချက်ပြုခဲ့ပါတယ်။
နိုင်ငံတကာ ဖွံ့ဖြိုးရေးမိတ်ဖက်တွေရဲ့ ပံ့ပိုးမှုနဲ့ လုပ်ဆောင်နေတဲ့ အဓိက လုပ်ငန်းအချို့ကိုလည်း သူက နမူနာအဖြစ် ကိုးကားပြောဆိုခဲ့ပြီး၊ အဲဒီအထဲမှာ ပြည်နယ်တွင်း အဓိကအစိတ်အပိုင်းတွေကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေပြီး စီးပွားရေးလုပ်ငန်းတွေကို လွယ်ကူချောမွေ့စေမယ့် Aizawl–Thenzawl–Lunglei လမ်းပိုင်းစီမံကိန်းလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ် Lalduhoma ဟာ မြို့ပြအခြေခံအဆောက်အအုံ၊ ရေပေးဝေရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပြင်ပရန်ပုံငွေနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကိုလည်း မီးမောင်းထိုးပြခဲ့ပါတယ်။
ပြည်နယ်ရဲ့ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းအားထုတ်မှုတွေနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့ (IFAD) ရဲ့ ပံ့ပိုးမှုနဲ့ လုပ်ဆောင်တဲ့ FOCUS စီမံကိန်းကြောင့် ကျေးလက်အိမ်ထောင်စုပေါင်း ၅၅,၀၀၀ နီးပါး အကျိုးကျေးဇူး ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ခန့်မှန်းချက်အရ ဒီစီမံကိန်းကြောင့် အိမ်ထောင်စုဝင်ငွေ ၄၃ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ပြီး တစ်ချိန်တည်းမှာပဲ ရေရှည်တည်တံ့မယ့် စိုက်ပျိုးရေးလုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပါ မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကျန်းမာရေးကဏ္ဍမှာလည်း ကမ္ဘာ့ဘဏ် (World Bank) ရဲ့ အကူအညီနဲ့ လုပ်ဆောင်တဲ့ ကျန်းမာရေးစနစ် မြှင့်တင်ရေးစီမံကိန်းကြောင့် ပြည်နယ်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းတွေကို သိသိသာသာ တိုးတက်ကောင်းမွန်လာစေခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ရလဒ်အနေနဲ့ အစိုးရဆေးရုံနဲ့ ကျန်းမာရေးဌာနပေါင်း ၆၂ ခုဟာ အမျိုးသားအရည်အသွေးအာမခံချက်စံနှုန်း (NQAS) လက်မှတ်ကို ရရှိခဲ့ကြပါတယ်။ စီမံကိန်း မစတင်မီက မီဇိုရမ်ပြည်နယ်မှာ NQAS လက်မှတ်ရ ကျန်းမာရေးဌာန လုံးဝမရှိခဲ့ဘူးလို့လည်း သူက ထောက်ပြခဲ့ပါတယ်။
ဆက်လက်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ အကူအညီနဲ့ လက်ရှိ တည်ဆောက်နေတဲ့ Super Speciality ကင်ဆာရောဂါကုစင်တာ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ ပံ့ပိုးမှုနဲ့ လုပ်ဆောင်နေတဲ့ အားလုံးအကျုံးဝင် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် (Universal Health Care Scheme) နဲ့ နယူးဒီဗလော့မန့်ဘဏ် (NDB) ရဲ့ ရန်ပုံငွေပံ့ပိုးမှုနဲ့ ပြန်လည်အသက်သွင်းနေတဲ့ ၂၄ မဂ္ဂါဝပ်ရှိ တွီရီနီ (Tuirini) ရေအားလျှပ်စစ်စီမံကိန်းတွေကိုလည်း Lalduhoma က ထည့်သွင်းပြောကြားခဲ့ပါတယ်။
အခုလို ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အရေးပါပုံကို အလေးအနက်ပြောကြားရာမှာ ဝန်ကြီးချုပ်က ပြင်ပအကူအညီရ စီမံကိန်းတွေဟာ အရည်အသွေးမြင့် အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့၊ ပြည်သူ့ဝန်ဆောင်မှုတွေ တိုးတက်စေဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ဖို့အတွက် အရေးပါတဲ့ လက်နက်ကိရိယာတစ်ခု ဖြစ်လာပြီလို့ ဆိုပါတယ်။
ဒေသတွင်းမှာရှိတဲ့ ထူးခြားတဲ့ ပထဝီဝင်အနေအထားနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်မယ့် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် အရှေ့မြောက်ပြည်နယ်တွေရဲ့ ချေးငွေနဲ့ ရန်ပုံငွေ ကန့်သတ်ချက်တွေကို တိုးမြှင့်ပေးပါရန် အိန္ဒိယအစိုးရကို သူက တိုက်တွန်းခဲ့ပါတယ်။
ဒီဆွေးနွေးပွဲဟာ အရှေ့မြောက်ပြည်နယ်တွေအနေနဲ့ ပြင်ပအကူအညီရ စီမံကိန်းတွေကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မယ့် စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးဖို့၊ အကောင်းဆုံးသော လုပ်ထုံးလုပ်နည်းတွေကို အပြန်အလှန်ဖလှယ်ကြဖို့နဲ့ ဒေသတွင်း ဖွံ့ဖြိုးရေးဘဏ္ဍာငွေ ရှာဖွေမှုအတွက် ဆန်းသစ်တဲ့ နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြတာပါ။
အခုလို ဆွေးနွေးမှုတွေဟာ အရှေ့မြောက်ဒေသတစ်ခွင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာမှာ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရများနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးမိတ်ဖက်များအကြား ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်ဖို့အတွက် အထောက်အကူပြုလိမ့်မယ်လို့ အရာရှိကြီးများက ပြောကြားခဲ့ကြပါတယ်။

