
ဇွန်လ ၁၉ ရက်။
ကျောင်းပညာရေးနဲ့ကင်းကွာတာကြာပြီဖြစ်တဲ့ ကလေးတွေအတွက် ဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ အထိ ပြုလုပ် ကျင်းပခဲ့တဲ့ အခြေခံပညာဦးစီးဌာနရဲ့ Placement Test (အရည်အချင်းစစ် စာမေးပွဲ) အထူး အစီအစဉ်မှာ ချင်းပြည်နယ်မှာ သက်ဆိုင်ရာ မြို့နယ် စာစစ်ဌာန အသီးသီးကနေ ဖြေဆိုရန် စာရင်းပေးသွင်းခဲ့တဲ့ ကျောင်းသားကျောင်းသူ ဦးရေ ၈၇၃၀ ဦး ရှိမှ ၇၁၈၉ ဦးမှ ဖြေဆိုခဲ့ပြီး ပျက်ကွက်ခဲ့သူ ၁၅၄၁ ဦး ရှိခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူ တဦးထံမှ သိရှိရ ပါတယ်။
ချင်းပြည်နယ်မှာ Placement Test စာမေးပွဲကို မြို့နယ် ၆ ခုကနေ စာစစ်ဌာန ၁၈ ခုမှာ ကျင်းပခဲ့ပြီး ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ နှင့် မတူပီ မြို့နယ်က ကျောင်းသားကျောင်းသူများ ဖြေဆိုခဲ့ကြောင်း ပြည်နယ် ပညာရေးမှူးရုံး နဲ့ နီးစပ်သူ ထံမှ သိရှိရ ပါတယ်။
ဟားခါးမြို့နယ် မှာ စာစစ်ဌာန ၄ ခုကနေ ကျောင်းသားကျောင်းသူ ၂၆၀၂ ဦး၊ ထန်တလန်မြို့နယ် မှာ စာစစ်ဌာန ၁ ခု ကနေ ကျောင်းသားကျောင်းသူ ၂၀၉ ဦး၊ ဖလမ်းမြို့နယ် မှာ စာစစ်ဌာန ၉ ခု ကနေ ကျောင်းသားကျောင်းသူ ၂၉၀၁ ဦး၊ တီးတိန်မြို့နယ် မှာ စာစစ်ဌာန ၁ ခု ကနေ ကျောင်းသားကျောင်းသူ ၉၅၇ ဦး၊ တွန်းဇံမြို့နယ် မှာ စာစစ်ဌာန ၂ ခု ကနေ ၈၀ ဦး နှင့် မတူပီမြို့နယ်မှာ စာစစ်ဌာန ၁ ခု ကနေ ကျောင်းသား ၁၈၄ ဦး တို့က အတန်းအလိုက် Placement Test စာမေးပွဲကို ဖြေဆိုသွားတယ်လို့ ဆက်လက် သိရှိရ ပါတယ်။
Plcement Test စာမေးပွဲ အတွက် အသက် ၇ နှစ် ကနေ ၁၃ နှစ် အထိ ကလေးတွေကို Grade-1 ကနေ Grade-7 အထိ အသက်အရွယ် အလိုက် ဖြေဆိုခွင့် ပြုခဲ့ပြီး အသက် ၁၄ နှစ် နှင့် ၁၅ နှစ် အရွယ်ကလေး တွေကိုတော့ Grade-8 ဖြေဆိုစေခဲ့ကြောင်း သိရှိရပါတယ်။

