
ဇွန်လ ၁၉ ရက်။
ချင်းပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့မေလအတွင်း အမျိုးသမီး ၆ ဦး သေဆုံးခဲ့ရတယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း ( WJ) ရဲ့ ဇွန်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာလည်း အမျိုးသမီး ၆ ဦးကို လူသားဒိုင်းဖမ်းဆီးခဲ့သလို လက်နက်ကြီးကြောင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း အမျိုးသမီး ၃ ဦး သေဆုံးပြီး မြေမြှုုပ်မိုင်းကြောင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ WJ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ချင်းပြည်နယ်အတွင်းမှာ မေလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ဦး သေ၊ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသား ၇ ဦး သေဆုံးခဲ့ပြီး၁၂ ဦး ခန့် ထိခိုက်ဒဏ်ရာခဲ့တယ်လို့လည်း WJ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အမျိုးသမီးများအဖွဲ့အစည်း ( WJ) အဖွဲ့အစည်းဟာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အတွင်းက နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့ လူ့အခွင့်ရေးချိုးဖောက်ခံရတဲ့ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှုတွေ ထောက်ပံ့ကူညီပေးတာတွေအပြင် သတင်းမှတ်တမ်းနဲ့ သုတေသနလုပ်ငန်းတွေကိုပါ လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

