Headlines

တရုတ်အစိုးရက မှားယွင်းစွာ ဖမ်းဆီးထားတဲ့ ISP – Myanmar အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို အမြန်ဆုံးလွှတ်ပေးဖို့ ISP – Myanmar တောင်းဆို

ဇွန်လ ၁၇ ရက်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်များက မှားယွင်းစွာဖမ်းဆီးထားခြင်း (wrongful detention) ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ISP – Myanmar က တောင်းဆိုတဲ့ကြောင်း ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာထုတ်ပြန်ပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်မည့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် သွားရောက်ချိန်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ISP-Myanmar အဖွဲ့အစည်းဟာ လွတ်လပ်ပြီး ပါတီစွဲကင်းသော၊ အစိုးရမဟုတ်သည့် သုတေသနအဖွဲ့အစည်း (think tank)တခုသာဖြစ်ပြီး မြော်မြင်ချက်မှာ မြန်မာနိုင်ငံအတွင်း ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသောလူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာစေရေး၊ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းလာစေရန် ဦးတည်ပြီး ထိုဦးတည်ချက်များနှင့်အညီ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူမှုစီးပွား ဖြစ်ပေါ်ပြောင်းလဲမှုများကို အာရုံစိုက်ကာ မူဝါဒဆိုင်ရာသုတေသနများနှင့် ဒေတာအချက်အလက်အခြေပြု ဆန်းစစ်ချက်များ ထုတ်ပြန်ခြင်း၊ လူထုဆက်ဆံဆက်သွယ်ရေးနှင့် ခေါင်းဆောင်အဆင့် ချဉ်းကပ်ဆွေးနွေးခြင်းများအပြင် အနာဂတ်မျိုးဆက်များအတွက် စွမ်းရည်မြှင့်တင်ရေးသင်တန်းများပို့ချခြင်း တို့ကို လုပ်ဆောင်လျက်ရှိတဲ့ အဖွဲ့အစည်းဖြစ်တဲ့ကြောင်းကိုလည်း ISP-Myanmar ဘက်ကရှင်းပြထားပါတယ်။

အထောက်အထားမဲ့ အခြေအမြစ်မရှိသော စွပ်စွဲချက်မှန်သမျှကို ISP-Myanmar က အပြင်းအထန်ကန့်ကွက်ပြီး ငြင်းပယ်ရှုတ်ချကြောင်းနဲ့ အဖွဲ့အစည်းအနေဖြင့် လွတ်လပ်သောသုတေသနအဖွဲ့အဖြစ် ဆက်လက်ရပ်တည်၍ အများပြည်သူအကျိုးစီးပွားအတွက် အထောက်အကူပြုနိုင်သော သုတေသန အခြေပြု သုံးသပ်ချက်များနှင့် ဆန်းစစ်ချက်များကို ဆက်လက်ထုတ်ဝေတင်ပြသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခြိမ်းခြောက်ဖိအားပေးမှုမခံရဘဲ လွတ်လပ်စွာသုတေသနပြုလေ့လာခွင့်ရနိုင်ရေးဟာ ISP-Myanmar အပါအဝင် ပညာရပ်ဆိုင်ရာနှင့် သုတေသနအဖွဲ့အစည်းများအတွက် အလွန်အရေးကြီးကြောင်းကိုလည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *