
DonBsco
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလကတည်းက အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အတွင်းမှာ လူနည်းစု ကူကီး (Kuki) မျိုးနွယ်စုတွေနဲ့ လူများစု မိတ်တေး (Meitei) အသိုင်းအဝိုင်းကြား ပြင်းထန်တဲ့ လူမျိုးရေး အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီပဋိပက္ခတွေကြောင့် ကူကီး-ဇို မျိုးနွယ်စုဝင်တွေ ဖြစ်ကြတဲ့ “Bnei Menashe” ဂျူးအသိုင်းအဝိုင်းရဲ့ ဝတ်ပြုကျောင်းတွေပါ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ လူပေါင်း ၂,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာကာ ဒုက္ခသည်စခန်းတွေမှာ သောင်တင်ပိတ်မိပြီး ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် အစ္စရေးအစိုးရဟာ အဆိုပါ ဒုက္ခသည်စခန်းတွေမှာ ပိတ်မိနေတဲ့ Bnei Menashe မျိုးနွယ်စုဝင်တွေကို အစ္စရေးနိုင်ငံထဲ အပြီးအပိုင် ရွှေ့ပြောင်းနေရာချပေးမယ့် “Wings of Dawn” (အာရုဏ်ဦးတောင်ပံများ) အမည်ရ သမိုင်းဝင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကြီးကို လက်ရှိမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
“Times of Israel” နဲ့ “Jerusalem Post” သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဒီစီမံကိန်းရဲ့ အစောပိုင်း ပထမဆုံးအသုတ် အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကတင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် မျိုးနွယ်စုဝင် ၂၄၀ ကျော်ကို အထူးလေယာဉ်နဲ့ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့အနီးက Ben Gurion လေဆိပ်ကို ဘေးကင်းလုံခြုံစွာ စတင်ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခု လတ်တလော ဇွန်လအတွင်းမှာတော့ ရောက်ရှိလာသူတွေကို အစ္စရေးမြောက်ပိုင်း Nof Hagalil မြို့မှာရှိတဲ့ လက်ခံရေး စင်တာတွေမှာ ထားရှိပြီး၊ ဟီဘရူးဘာသာစကား သင်ကြားပေးတာ၊ အလုပ်အကိုင် ရှာဖွေပေးတာနဲ့ လူမှုအသိုင်းအဝိုင်းထဲ အမြန်ဆုံး ပေါင်းစည်းနိုင်ဖို့ အစိုးရက တောက်လျှောက် တာဝန်ယူ ကူညီပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။
ဒါဟာ လာမယ့်နှစ်အနည်းငယ်အတွင်း မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်မှာ မြေပြင်မှာ ကျန်ရှိနေသေးတဲ့ မျိုးနွယ်စုဝင် ၆,၀၀၀ နီးပါးလုံးကို အစ္စရေးနိုင်ငံထဲ အပြီးအပိုင် ခေါ်ယူသွားမယ့် ဖြစ်စဉ်ရဲ့ အစပျိုးခြင်းပဲ ဖြစ်ပါတယ်။
ဒါဆိုရင် အစ္စရေးအစိုးရက ဒီလူတွေကို ဘာကြောင့် အစ္စရေးလူမျိုးတွေအဖြစ် သတ်မှတ်ပြီး အခုလို အကုန်အကျခံ ပြန်ခေါ်နေရတာလဲ?
ပျောက်ဆုံးနေတဲ့ ဂျူးမျိုးနွယ်စုတွေကို ရှာဖွေပြီး အမိမြေ ပြန်လည်ခေါ်ယူရေး လုပ်ဆောင်နေတဲ့ အစ္စရေးနိုင်ငံအခြေစိုက် “ရှာဗေ အစ္စရေး” (Shavei Israel) အဖွဲ့အစည်းရဲ့ သမိုင်းနဲ့ လူသားဗေဒ သုတေသန မှတ်တမ်းတွေအရ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၇၀၀ ကျော်၊ ခရစ်တော်မပေါ်မီ ၇၂၂ ခုနှစ်က အဆီးရီးယားအင်ပါယာရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရပြီးတဲ့နောက် ကမ္ဘာပေါ်မှာ ပျောက်ဆုံးသွားခဲ့တဲ့ အစ္စရေးရဲ့ ဂျူးမျိုးနွယ်စုကြီး ၁၀ စုထဲက ‘မနာရှေး’ (Manasseh) မျိုးနွယ်စုရဲ့ သွေးချင်းစစ်စစ်တွေ ဖြစ်ကြပါတယ်။
အဆိုပါ သုတေသန မှတ်တမ်းတွေထဲမှာ ၎င်းတို့ရဲ့ ဘိုးဘွားတွေဟာ ပါရှား၊ အာဖဂန်နစ္စတန်၊ တိဘက်နဲ့ တရုတ်ပြည်တို့ကို ဖြတ်ကျော်ပြီး ရာစုနှစ်ပေါင်းများစွာ ကာလရှည်ကြီး ခရီးနှင်ခဲ့ကြရပြီးနောက် အိန္ဒိယအရှေ့မြောက်ပိုင်း တောင်တန်းဒေသတွေဖြစ်တဲ့ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေထဲမှာ ချင်း၊ မီဇို၊ ကူကီး လူမျိုးစုတွေအဖြစ် ဒေသခံတွေနဲ့ ရောနှောရှင်သန်ခဲ့ကြတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သူတို့ဟာ ရာစုနှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့တဲ့ကြားကပဲ အီဂျစ်က ထွက်မြောက်ခဲ့တဲ့အတိုင်း ကန္တာရလွင်ပြင် အမှတ်တရတွေနဲ့ ဘာသာရေးထုံးတမ်းတွေကို သူတို့ရဲ့ နှုတ်ရာဇဝင် သီချင်းတွေထဲမှာ ထာဝရ ထိန်းသိမ်းထားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီအထောက်အထားတွေကြောင့်ပဲ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်မှာ အစ္စရေးနိုင်ငံရဲ့ ဘာသာရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အမြင့်ဆုံးခေါင်းဆောင်ဖြစ်တဲ့ ဆက်ဖာဒီဂျူး ရဗ္ဗိုင်းချုပ် ရှလိုမို အာမာ (Chief Rabbi Shlomo Amar) ကိုယ်တိုင် ဘာသာရေးဆိုင်ရာ စိစစ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်၊ သူတို့ကို ရှေးဟောင်းအစ္စရေးလူမျိုးတွေရဲ့ မျိုးဆက်အစစ်အမှန် “Lost Tribe” (ပျောက်ဆုံးနေသော မျိုးနွယ်စု) ဖြစ်တယ်လို့ တရားဝင် အသိအမှတ်ပြု ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ အနှစ် ၂,၇၀၀ ကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ သွေးချင်းတွေဟာ ဂျူးဘာသာဝင်တွေရဲ့ တရားဝင် နေရပ်ပြန်ခွင့်ဥပဒေ (Law of Return) အရ မိမိတို့ရဲ့ အမိမြေကို ပြန်လည်ရောက်ရှိခွင့် ရခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ သမိုင်းဝင် ကယ်ဆယ်ရေးတစ်ခုဖြစ်သလို၊ ကမ္ဘာအရပ်ရပ်ကို ပျောက်လွင့်သွားတဲ့ အစ္စရေးအနွယ်ဝင်တွေဟာ အမိမြေကို ပြန်လည်စုစည်းမိလိမ့်မယ်ဆိုပြီး ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၁၁ အပိုဒ် ၁၂ မှာ ဖော်ပြထားတဲ့ ဟေဗြဲကျမ်းစာလာ နှစ်ပေါင်းထောင်ချီကြာ ဝေးကွာခဲ့တဲ့ ပရောဖက်ပြုချက် ကတိကဝတ်တွေ မြေပြင်မှာ တကယ်ပြည့်စုံ ဖြစ်လာခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်တယ်လို့ ‘Jerusalem Post’ အပါအဝင် နိုင်ငံတကာ သတင်းဌာနတွေကလည်း ဒီဖြစ်စဉ်ကို ကျမ်းစာလာ ကတိကဝတ်တွေ အမှန်တကယ် ဖြစ်လာခြင်းဆိုတဲ့ ရှုထောင့်ကနေ တင်စားအမွှန်းတင် ရေးသားထားကြတာ ဖြစ်ပါကြောင်း Chin World Media ကနေ တင်ဆက်လိုက်ပါတယ်။

