
မေလ ၁၁ ရက်။
ချင်းပြည်နယ်၊ တွန်းဇံ မြို့နယ်ထဲမှာ စစ်ရေးအခြေအနေတွေ တင်းမာနေတာကြောင့် တွန်းဇံ နဲ့ တီးတိန်မြို့ကြား လမ်းပိုင်းကို ဒီနေ့ မေလ ၁၁ ရက်နေ့ကစပြီး ခရီးသွားလာခြင်း လုံးဝမပြုလုပ်ကြဖို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF-Tonzang က သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိတွင် စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် တွန်းဇံ – တီးတိန် သွားလာတဲ့လမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားမှာဖြစ်ပြီး မည်သူမှ ခရီးသွားလာခြင်း မပြုလုပ်ကြဖို့လည်း မေတ္တာရပ်ခံတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တွန်းဇံမြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းရှိ ရွာတွေမှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့လည်း လက်ရှိအချိန်မှာ ခရီးသွားလာတာမျိုး လုံးဝ(လုံးဝ) မလုပ်ကြဖို့ကိုလည်း အသိပေးထားပါတယ်။
ဒေသတွင်း စစ်ရေးအခြေအနေတွေ တင်းမာနေတာကြောင့် မိဘပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ် အထူးဂရုစိုက်ကြဖို့နဲ့ CDF-Tonzang က ထုတ်ပြန်ထားတဲ့ တားမြစ်ချက်တွေကို အတိအကျ လိုက်နာပေးကြဖို့ ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းဟာ တွန်းဇံမြို့ဘက်ကို ဦးတည်ထွက်ခွာလာတာကြောင့် ပြည်သူတွေ ဘေးအန္တရာယ် မဖြစ်အောင် ရည်ရွယ်ပြီး ဒီလမ်းပိုင်းမှာ ဘယ်သူမှ ဖြတ်သန်းသွားလာတာမျိုး မလုပ်ကြဖို့ တားမြစ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

