
မေလ ၈ ရက်။
မနက်ဖြန် မေလ ၉ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ Newark မြို့ရှိ Prudential Center မှာကျင်းပမယ့် UFC 328 ပြိုင်ပွဲရဲ့ သတင်းစာရှင်းလင်းပွဲကို UFC ဖလိုင်းဝိတ်တန်းချန်ပီယံ မြန်မာနွယ်ဖွား ချင်းလူငယ်ဖိုက်တာ Joshua Van က ချင်းရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။
ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ၎င်း၏ ပထမဆုံး ချန်ပီယံဆုကာကွယ်ပွဲအဖြစ် အဆင့် (၃) နေရာမှ စိန်ခေါ်သူ Tatsuro Taira နှင့် ရင်ဆိုင်သွားမှာဖြစ်ပြီး Joshua Van အတွက်တော့ ပထမဆုံး ချန်ပီယံခါးပတ်ကာကွယ်ရမယ့် ပွဲလည်းဖြစ်ပါတယ်။
Tatsuro Taira ဟာ UFC ဖလိုင်းဝိတ်တန်းမှာ အဆင့် ၃ နေရာမှာရှိပြီး နောက်ဆုံးပွဲစဉ် နှစ်ပွဲဆက် အနိုင်ရထားသူလည်း ဖြစ်လို့ ချင်းလူငယ်ဖိုက်တာ Joshua Van အနေဖြင့် ၎င်းရဲ့ ချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်သွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာလည်း ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၉ ပွဲအထိ ထိုးသတ်ထားပြီး ၈ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ကောင်း ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
UFC 328 ပြိုင်ပွဲရဲ့ အဓိကတွဲဆိုင်း (Main Event) အဖြစ် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ Khamzat Chimaev နှင့် ချန်ပီယံဟောင်း Sean Strickland တို့၏ ချန်ပီယံလုပွဲကိုလည်း ထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

