
မေလ ၆ ရက်။
ချင်းလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တီးတိန်မြို့နယ်ထဲက ကနေဒီတောင်ကို စစ်ကောင်စီက လေကြောင်းအဆမတန်ဗုံးကြဲတိုက်ခိုက်ပြီး မနေ့ မေလ ၅ ရက်နေ့မှာ ပြန်လည် သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ကနေဒီတောင်ကို ပြန်လည်သိမ်းပိုက်ရယူနိုင်ဖို့ စစ်ကောင်စီဟာ လေကြောင်းကနေ တရက်ကို တိုက်လေယာဉ်ဖြင့် အနည်းဆုံး ၈ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်သလို ဒရုန်းအမြောက်အများ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မြေပြင်တိုက်ပွဲမှာတော့ ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ အသာစီးရပေမယ့် စစ်ကောင်စီက လေကြောင်းကနေ အဆမတန်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဆုတ်ခွာပေးလိုက်ရတာလို့ သိရပါတယ်။
ကနေဒီတောင်ဟာ ဒေသတွင်း စစ်ရေးစိုးမိုးမှုနဲ့ ဆက်သွယ်ရေးတွေအတွက် အချက်အချာကြတဲ့ အသံလွှင့်တာဝါတိုင်တွေနဲ့ ဆက်သွယ်ရေးစခန်းတွေ အခြေစိုက်တဲ့နေရာဖြစ်ပြီး ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား အပြန်အလှန်တိုက်ခိုက် သိမ်းပိုက်မှုဖြစ်စဉ် ၄ ကြိမ် ရှိခဲ့တဲ့ စခန်းဖြစ်ပါတယ်။
လေထန်ကုန်းစခန်း ပြန်လည်သိမ်းပိုက်ရရှိခဲ့တာနဲ့ ပက်သက်ပြီးလည်း စစ်ကောင်စီ သတင်းဝါဒဖြန့်တဲ့ တယ်လဂရမ် ချန်နယ်တွေမှာလည်း မေလ ၅ ရက်နေ့မှာ ဖော်ပြကြတာကိုတွေ့ရပါတယ်။

