
ဧပြီလ ၂၈ ရက်။
မလေးရှားသွားရင်း လမ်းခုလပ် ထိုင်းနိုင်ငံဆုန်ခလာ ခရိုင်မှာ သေဆုံးခဲ့သော အသက် ၂၂ နှစ်အရွယ် ချင်းလူငယ် Tg Pau Lam Kim ရဲ့ ရုပ်အလောင်းကို ဒီနေ့ ဧပြီလ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်မှာ သူ့ဇာတိရွာ ဖြစ်တဲ့ တီးတိန်မြို့နယ် တွီးဗျာလ်းရွာမှာ ဂူသွင်း သင်္ဂြိုလ် ခဲ့ပြီဖြစ်တယ် လို့ ဆွေမျိုးများ ထံမှ သိရှိခဲ့ ရပါတယ်။
Tg Pau Lam Kim ဟာ မလေးရှားနိုင်ငံကို အောက်လမ်းကနေ သွားရာ လမ်းမှာ ကား လူကြပ်တဲ့ ဒဏ်ကြောင့် ဧပြီလ ၁၁ ရက်နေ့မှာ အသက်ရှုကြပ် သေဆုံးခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းဟာ သေဆုံးပြီး ၁၇ ရက်မြောက်နေ့ဖြစ်တဲ့ ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းမှာ ထိုင်း နိုင်ငံ ကနေ ဇာတိမြေ မြန်မာ နိုင်ငံချင်းပြည်နယ်ရှိ သူ့ဇာတိမြေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
မိဘ နှစ်ပါး ငယ်ရွယ်စဉ်က သေဆုံး ခဲ့တဲ့ Tg Pau Lam Kim မှာ အသက် ၁၉ နှစ် အရွယ် မွေးချင်း ညီမ Lia Zen Hawm Nuam တယောက် ကျန်ရစ် ခဲ့ပြီး သူတို့ မောင်နှမ နှစ်ယောက်ကို သား ယောင်္ကျား မရှိတဲ့ ဘကြီး ဖြစ်သူက အမွေစား အမွေခံ အဖြစ် ကောက်ယူ မွေးစား ထားတာ ဖြစ်ပါတယ်။
Tg Pau Lam Kim နဲ့ အတူ ပါလာတဲ့ တွီးဗျာလ်းရွာသား သူငယ်ချင်း ၃ ဦးကတော့ ထိုင်းနိုင်ငံ အာဏာပိုင် တွေက နယ်စပ် လူဝင်ကြီးကြပ်ရေးရဲ့ ထိန်းသိမ်းရေး စခန်းမှာ ရှိနေတယ် လို့လည်း ဆွေမျိုးများ ထံမှ ဆက်လက် သိရှိရ ပါတယ်။

