Headlines

ဖလမ်းမြို့သိမ်းတိုက်ပွဲ အပါအဝင် အောင်မြင်မှုများအတွက် AA နှင့် မဟာမိတ်များကို ကျေးဇူးတင်ရှိကြောင်း CNO/CNDF တည်ထောင်ခြင်း (၅) နှစ်ပြည့်တွင် ထုတ်ပြန်

ဧပြီလ ၁၄ ရက်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖလမ်းမြို့သိမ်းတိုက်ပွဲ အပါအဝင် စစ်ရေး၊ နိုင်ငံရေး အောင်မြင်မှုတွေ ရရှိအောင် ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ အာရက္ခတပ်တော်(AA) ၊ ညီနောင်မဟာမိတ်တွေနဲ့ ပြည်တွင်းပြည်ပ ထောက်ခံသူအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းမှတ်တမ်းတင် ပြောကြားလိုက်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အရ စစ်ကော်မရှင်ရဲ့ မတရားအာဏာသိမ်းမှုကို တွန်းလှန်ဖို့နဲ့ ချင်းတစ်မျိုးသားလုံး စုစည်းနိုင်ဖို့အတွက် နွေဦးတော်လှန်ရေးနဲ့အတူ သန္နိဋ္ဌာန်ချ တည်ထောင်ခဲ့တဲ့ CNO/CNDF ဟာ (၅) နှစ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ ဖြတ်သန်းခဲ့တဲ့ (၅) နှစ်တာ ခရီးကြမ်းအတွင်း စစ်ရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခက်အခဲတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သလို၊ ချင်းညီနောင် (Chin Brotherhood) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေရဲ့ စုစည်းမှုနဲ့အတူ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဟာ (၅) နှစ်တာ ကာလအတွင်း အမျိုးသားရေးအတွက် အရေးပါတဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အောင်ပွဲကို ထိန်းသိမ်းရုံတင်မကဘဲ ဖလမ်းမြို့ကို ရန်သူ့လက်ထဲ ပြန်မကျရောက်စေဖို့ မဟာမိတ်တွေနဲ့ လက်တွဲကာ အဆုံးအဖြတ်ကာလအထိ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး၊ အသက်၊ သွေး၊ ချွေး ပေးဆပ်နေကြတဲ့ ရဲဘော်တွေနဲ့အတူ ပြည်သူတွေဘက်က ရပ်တည်ကာ နောက်ဆုံးပန်းတိုင်အထိ လျှောက်လှမ်းသွားမယ်လို့ အလေးအနက် ကတိပြုထားပါတယ်။

ဒါ့အပြင် CNO/CNDF အနေနဲ့ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် မှန်သမျှကို အပြီးတိုင် ချေမှုန်းသွားမှာဖြစ်သလို၊ ချင်းပြည်သူတွေ လိုလားတောင့်တတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာတဲ့အထိ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB)၊ ချင်းညီနောင် (CB) တို့ရဲ့ လမ်းစဉ်အတိုင်း မဟာမိတ်တွေနဲ့အတူ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့လည်း (၅) နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *