
DonBosco
မိရိုးဖလာ ရိုးရာတောင်ယာစိုက်ပျိုးရေးကို လုပ်ခဲ့ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်တွေကို ပြောင်းလဲလုပ်ကိုင်လာတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ကော်ထာမြောက်ပိုင်း (Kawrthah North) ကျေးရွာကောင်စီဟာ အိန္ဒိယနိုင်ငံရဲ့ ဂုဏ်သရေရှိ “Clean & Green Panchayat 2025” (သန့်ရှင်းစိမ်းလန်းသော ကျေးရွာအုပ်ချုပ်ရေး) ဆုကို အိန္ဒိယ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆင့် (၁) နေရာကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီဆုဟာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သန့်ရှင်းရေးနဲ့ ကျေးလက်နေပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြှင့်တင်ရေးလုပ်ငန်းတွေမှာ ထူးထူးချွန်ချွန် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ချီးမြှင့်ခံရတာပါ။ ဒါဟာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ စံပြကျေးရွာဖြစ်လာဖို့ ကျေးရွာကောင်စီရဲ့ ကြိုးပမ်းအားထုတ်မှုကို ဖော်ပြနေတာလည်း ဖြစ်တယ်လို့ North East Today သတင်းဌာနကရေးသားပါတယ်။
အိန္ဒိယဗဟိုအစိုးရရဲ့ ကျေးလက်အုပ်ချုပ်ရေးဝန်ကြီးဌာန (Ministry of Panchayati Raj) က ဒီအောင်မြင်မှုကို တရားဝင်ထုတ်ပြန်ခဲ့ပြီး ကျေးရွာကောင်စီရဲ့ စံပြလုပ်ဆောင်ချက်တွေကို ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
အခြေခံလူတန်းစား အုပ်ချုပ်ရေးယန္တရား အားကောင်းတာနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်တာတွေဟာ ရေရှည်ပန်းတိုင်တွေဆီ ရောက်ဖို့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဒီအောင်မြင်မှုက သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်အစိုးရ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အုပ်ချုပ်ရေးဌာနကလည်း Kawrthah North မြောက်ပိုင်းကျေးရွာကောင်စီနဲ့ ရွာသူရွာသားတွေရဲ့ စိတ်အားထက်သန်မှုကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ပြည်နယ်အတွင်းက တခြားကျေးရွာကောင်စီတွေအနေနဲ့လည်း လာမယ့်နှစ်တွေမှာ အခုလို အောင်မြင်မှုမျိုး ရရှိအောင် အစွမ်းကုန် ကြိုးစားကြဖို့ တိုက်တွန်းအားပေးထားပါတယ်။
အခုတစ်နိုင်ငံလုံးအဆင့် ဆုရသွားတဲ့ ကော်ထာမြောက်ပိုင်း (Kawrthah North) ကျေးရွာဟာ မီဇိုရမ်ပြည်နယ်၊ မာမစ် (Mamit) ခရိုင်ထဲမှာ ရှိတာပါ။ ဇောလ်နုအမ် (Zawlnuam) R.D. Block နယ်မြေထဲမှာ ပါဝင်ပြီး ခရိုင်ရုံးစိုက်တဲ့ မာမစ်မြို့ကနေဆိုရင် ၁၅ ကီလိုမီတာလောက်ပဲ ဝေးပါတယ်။
ပြည်နယ်မြို့တော် အိုင်ဇောလ်ကနေ သွားမယ်ဆိုရင်တော့ ၈၂ ကီလိုမီတာလောက် ဝေးပြီး လင်းပွီ (Lengpui) လေဆိပ်နဲ့လည်း ၃၀ ကီလိုမီတာဝန်းကျင်ပဲ ဝေးတာမို့ သွားရလာရတာ အဆင်ပြေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
ဒီရွာလေးဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့လည်း နီးပြီး သဘာဝအလှအပတွေနဲ့ အေးအေးချမ်းချမ်း ရှိတဲ့ ရွာလေးဖြစ်ပြီး အခုတော့ ဒေသခံကျေးရွာကောင်စီရဲ့ စနစ်တကျ စီမံအုပ်ချုပ်မှုတွေကြောင့် အိန္ဒိယတစ်နိုင်ငံလုံးမှာ သန့်ရှင်းစိမ်းလန်းမှု အရှိဆုံး စံပြကျေးရွာအဖြစ် ပထမဆုရတဲ့အထိ နာမည်ကြီးသွားတာ ဖြစ်ပါတယ်။
Clean & Green Panchayat ဆိုတာ အိန္ဒိယအစိုးရက ချမှတ်ထားတဲ့ ကျေးလက်ဒေသ ရေရှည်ဖွံ့ဖြိုးရေး စီမံကိန်းဖြစ်ပြီး ကျေးရွာတစ်ရွာလုံး သန့်ရှင်းသပ်ရပ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်လာအောင် ဖော်ဆောင်ပေးတဲ့ စနစ်တစ်ခုပဲ ဖြစ်ပါတယ်။
ဒီစီမံကိန်းထဲမှာ အမှိုက်နဲ့ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ စီမံခန့်ခွဲတာ၊ ပလတ်စတစ် သုံးစွဲမှုကို လျှော့ချတာ၊ အိမ်တိုင်း သန့်ရှင်းတဲ့ မိလ္လာစနစ်နဲ့ သောက်သုံးရေ ရရှိအောင် လုပ်ဆောင်တာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် လမ်းမီးတွေမှာ ဆိုလာစွမ်းအင်လိုမျိုး ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ပြောင်းလဲသုံးစွဲပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ စံပြကျေးရွာဖြစ်အောင် ကြိုးပမ်းရတာ ဖြစ်ပါတယ်။
ဒီစနစ်ရဲ့ ထူးခြားချက်ကတော့ ကျေးရွာအာဏာပိုင်တွေတင် မဟုတ်ဘဲ ရွာသူရွာသား တစ်ဦးချင်းစီကပါ ကိုယ့်ရွာ စိမ်းလန်းစိုပြည်ဖို့အတွက် သစ်ပင်တွေ စိုက်ပျိုးတာ၊ မြေဆီလွှာနဲ့ ရေအရင်းအမြစ်တွေကို ဝိုင်းဝန်းထိန်းသိမ်းတာမျိုးတွေမှာ တာဝန်ယူစိတ်နဲ့ ပူးပေါင်းပါဝင်ကြရတာပါ။
အခု မီဇိုရမ်ပြည်နယ်က ကော်ထာမြောက်ပိုင်းကျေးရွာဟာ အဲဒီအချက်တွေ အားလုံးမှာ အိန္ဒိယတစ်နိုင်ငံလုံးက တခြားကျေးရွာတွေထက် ပိုပြီး ထူးထူးချွန်ချွန် ဆောင်ရွက်နိုင်ခဲ့လို့ အဆင့် (၁) ဆုကို ရရှိသွားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင်တော့ လူနေမှုဘဝ မြင့်မားပြီး သန့်ရှင်းစိမ်းလန်းတဲ့ ရေရှည်တည်တံ့တဲ့ ကျေးရွာပုံစံငယ်တစ်ခုကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင်ထဲမှာရှိတဲ့ ကော်ထာမြောက်ပိုင်း (Kawrthah North) ကျေးရွာမှာတော့ အဓိကအားဖြင့် မီဇို (Mizo) လူမျိုးတွေပဲ နေထိုင်ကြပါတယ်။ လူဦးရေ အများစုဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပြီး မီဇိုမျိုးနွယ်စုဝင်တွေဖြစ်တဲ့ လူရှိုင်း (Lushai) နဲ့ တခြားမျိုးနွယ်စုစိတ်လေးတွေ စုပေါင်းနေထိုင်ကြတာပါ။
ဒီရွာဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့လည်း နီးတာကြောင့် ဒေသခံတွေဟာ ရိုးရာယဉ်ကျေးမှုနဲ့ စည်းလုံးညီညွတ်မှုကို အတော်လေး အလေးထားကြတဲ့ အသိုက်အဝန်းတစ်ခု ဖြစ်ပါတယ်။
စီးပွားရေးအနေနဲ့ကတော့ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်ကြပါတယ်။ အရင်က ရိုးရာတောင်ယာစိုက်ပျိုးရေး (Jhum Cultivation) ကို လုပ်ခဲ့ကြပေမဲ့ အခုနောက်ပိုင်းမှာတော့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်တွေကို ပြောင်းလဲလုပ်ကိုင်လာကြပါတယ်။
အဓိကအားဖြင့်တော့ ဆန်စပါး၊ ပြောင်းဖူးနဲ့ ဂျင်းတွေကို စိုက်ပျိုးကြသလို၊ ဥယျာဉ်ခြံလုပ်ငန်းအနေနဲ့ ကွမ်းသီး၊ ငရုတ်ကောင်းနဲ့ သစ်သီးဝလံတွေကိုလည်း စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ အခုလို သန့်ရှင်းစိမ်းလန်းတဲ့ စံပြရွာအဖြစ် ဆုရလာတာကြောင့် ဒေသတွင်း ဂေဟစနစ်ခရီးသွားလုပ်ငန်း (Eco-tourism) နဲ့ ပတ်သက်တဲ့ အခွင့်အလမ်းသစ်တွေလည်း ပိုပြီးပွင့်လန်းလာဖို့ ရှိနေပါတယ်။
မီဇိုရမ်ပြည်နယ်ဟာ အရင်ကလည်း အမျိုးသားအဆင့် ကျေးလက်ဖွံ့ဖြိုးရေးဆုတွေကို ရရှိခဲ့ဖူးတဲ့ သမိုင်းကြောင်းရှိပါတယ်။ ဥပမာပြောရရင် ၂၀၂၃ ခုနှစ်တုန်းက ဆာချစ် (Serchhip) ခရိုင်ထဲက ဆီယလ်ဆုက် (Sialsuk) ကျေးရွာဟာ “ကျန်းမာရေးစံပြကျေးရွာ” (Healthy Panchayat) ကဏ္ဍမှာ အမျိုးသားအဆင့်ဆုကို ဆွတ်ခူးခဲ့ဖူးပါတယ်။
ဒါပေမဲ့ အခု ကော်ထာမြောက်ပိုင်းကျေးရွာကတော့ “သန့်ရှင်းစိမ်းလန်းမှု” (Clean & Green) ကဏ္ဍမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆင့် (၁) နေရာကို ရရှိခဲ့တာဖြစ်လို့ ပြည်နယ်အတွက်တော့ အလွန်ထူးခြားတဲ့ မှတ်တိုင်သစ်တစ်ခု ဖြစ်ပါတယ်။
တကယ်တော့ မီဇိုရမ်ဟာ အိန္ဒိယတစ်နိုင်ငံလုံးမှာ သန့်ရှင်းရေးနဲ့ ပတ်သက်ရင် အမြဲတမ်း ရှေ့တန်းကရှိနေတဲ့ ပြည်နယ်တစ်ခုပါ။ အထူးသဖြင့် ပွင့်လင်းဒေသ အညစ်အကြေးစွန့်ပစ်မှု ကင်းစင်ရေး (ODF) လိုမျိုး လုပ်ငန်းတွေမှာ မီဇိုရမ်က ကျေးရွာအများစုဟာ ထိပ်တန်းအဆင့်မှာ ရှိနေတတ်ပါတယ်။ အခုလို ကော်ထာမြောက်ပိုင်းကျေးရွာက နံပါတ် (၁) ချိတ်သွားတာဟာ မီဇိုရမ်ရဲ့ ကျေးလက်အုပ်ချုပ်ရေးယန္တရားဟာ တစ်နိုင်ငံလုံးမှာ အသန့်ရှင်းဆုံးနဲ့ စံပြအဖြစ်ဆုံး ဖြစ်နေပြီဆိုတာကို ထပ်ပြီး သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။
မီဇိုရမ်ပြည်နယ်မှာ အမှိုက်ကင်းစင်ရေး ရက်သတ္တပတ် (Cleanliness Week) ကို ပြီးခဲ့တဲ့ အောက်တိုဘာလ (၂) ရက်နေ့မှာ ကျရောက်တဲ့ မဟတ္တမဂန္ဒီ မွေးနေ့ (Gandhi Jayanti) အထိမ်းအမှတ်အနေနဲ့ ပြည်နယ်တစ်ဝန်းလုံးမှာ စည်စည်ကားကား ကျင်းပခဲ့ပါတယ်။
အဲဒီကာလအတွင်းမှာ ပြည်နယ်အစိုးရ ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေတင်မကဘဲ ရပ်ကွက်နေ ပြည်သူတွေအားလုံး စုပေါင်းပြီး မိမိတို့ရဲ့ ပတ်ဝန်းကျင်၊ လမ်းမကြီးတွေနဲ့ ရေနုတ်မြောင်းတွေကို အမှိုက်ကင်းစင်သွားအောင် စုပေါင်းရှင်းလင်းခဲ့ကြတာပါ။
ဒီလှုပ်ရှားမှုကို မြို့ပြဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးဌာန (UD&PA) က အဓိက ဦးဆောင်ခဲ့တာဖြစ်ပြီး အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တတ်ဖို့နဲ့ ပလတ်စတစ် သုံးစွဲမှုကို လျှော့ချဖို့အတွက် အသိပညာပေးတာတွေကိုလည်း တစ်ပါတည်း လုပ်ဆောင်ခဲ့ပါတယ်။
မီဇိုရမ်ပြည်သူတွေဟာ ဒီလိုမျိုး စုပေါင်းအမှိုက်သိမ်းတဲ့ အလေ့အထကို နှစ်စဉ်နှစ်တိုင်း အစဉ်အလာတစ်ခုလို အားတက်သရော ပါဝင်လုပ်ဆောင်ကြလေ့ရှိပြီး အကောင်းဆုံး သန့်ရှင်းရေးလုပ်နိုင်တဲ့ ကျေးရွာနဲ့ ရပ်ကွက်တွေကိုလည်း ဂုဏ်ပြုဆုတွေ ပေးအပ်လေ့ရှိပါတယ်။
Clean & Green Panchayat ဆုရွေးချယ်တဲ့အခါမှာ ကျေးရွာကောင်စီ (Gram Panchayat) တွေက မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေကို အွန်လိုင်းကနေ အဆင့်ဆင့် လျှောက်ထားကြရတာပါ။
အဲဒီနောက်မှာ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်နဲ့ အမျိုးသားအဆင့်ဆိုပြီး အဆင့်ဆင့် စိစစ်ရေးကော်မတီတွေက ကွင်းဆင်းစစ်ဆေးတာ၊ ဒေတာတွေ တိုက်ဆိုင်စစ်ဆေးတာမျိုးတွေ လုပ်ကြပါတယ်။
အဲဒီလို စိစစ်ပြီးတဲ့နောက်မှာတော့ အိန္ဒိယဗဟိုအစိုးရရဲ့ ကျေးလက်အုပ်ချုပ်ရေးဝန်ကြီးဌာနကနေ အမှတ်အများဆုံးရတဲ့ ကျေးရွာတွေကို ဆုရရှိသူတွေအဖြစ် ဧပြီလလယ်ပိုင်းလောက်မှာ တရားဝင် ကြေညာပေးတာ ဖြစ်ပါတယ်။
ဆုပေးပွဲ အခမ်းအနားကိုတော့ နှစ်စဉ် ဧပြီလ ၂၄ ရက်နေ့မှာ ကျရောက်တဲ့ “အမျိုးသား ကျေးလက်အုပ်ချုပ်ရေးနေ့” (National Panchayati Raj Day) မှာ ခမ်းခမ်းနားနား ကျင်းပလေ့ရှိပါတယ်။ ဒီအခမ်းအနားကို များသောအားဖြင့် မြို့တော်နယူးဒေလီက Vigyan Bhawan အစည်းအဝေးခန်းမကြီး ဒါမှမဟုတ် သမ္မတနန်းတော် (Rashtrapati Bhavan) ထဲမှာ ကျင်းပလေ့ရှိတာပါ။
ဆုပေးပွဲကို အိန္ဒိယနိုင်ငံတော် သမ္မတကိုယ်တိုင် ဖြစ်စေ၊ ဝန်ကြီးချုပ်ကိုယ်တိုင် ဖြစ်စေ တက်ရောက်ပြီး ဂုဏ်ပြုဆုတွေကို ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်လေ့ရှိတာမို့ ဒါဟာ ကျေးရွာကောင်စီတွေအတွက် အမြင့်ဆုံး ဂုဏ်ပြုခံရတဲ့ပွဲလို့ ပြောလို့ရပါတယ်။
ဆုပေးအပ်တဲ့အခါမှာတော့ ကျေးရွာရဲ့ ထူးချွန်မှုကို အသိအမှတ်ပြုတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုဆုတံဆိပ်တွေကို ပေးအပ်ပါတယ်။ ဒါ့အပြင် အရေးအကြီးဆုံးအချက်ကတော့ ဆုရတဲ့ ကျေးရွာကောင်စီတွေအနေနဲ့ မိမိတို့ကျေးရွာရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ထပ်မံအသုံးပြုဖို့အတွက် အိန္ဒိယရူပီး သိန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ငွေသားဆု (Incentive Grant) ကိုလည်း ဗဟိုအစိုးရဆီကနေ တိုက်ရိုက်ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ ဒီငွေသားဆုတွေဟာ ကျေးရွာသားတွေအတွက် လမ်း၊ တံတား၊ ရေနဲ့ မီးစတဲ့ အခြေခံအဆောက်အအုံတွေကို ပိုပြီး အဆင့်မြှင့်တင်နိုင်ဖို့ အများကြီး အထောက်အကူပြုစေပါတယ်။

