Headlines

တွန်းဇံမြို့တွင်း ဒေသခံပြည်သူတွေ ပြန်လာနေထိုင်လို့ရပြီလို့ ZRA – EC ဘက်က အသိပေး ထုတ်ပြန်လာ

ဇွန်လ ၁ ရက်။

စစ်ကောင်စီ ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်တဲ့ ချင်းပြည်နယ်၊ တွန်းဇံမြို့ကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ဇွန်လ ၁ ရက်နေ့ ကနေ့ ကစလို့ နေရပ်ပြန်လာလို့ ရပြီလို့ Zomi Revolutionary Army – Eastern Command (ZRA – EC) ဘက်က ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လက်ရှိဒေသတွင်း လုံခြုံရေးအခြေအနေတွေ တည်ငြိမ်သွားပြီဖြစ်လို့ နေရပ်စွန့်ခွာ ထွက်ပြေးသွားရတဲ့ ဒေသခံ ပြည်သူတွေအနေနဲ့ ဒီကနေ့ ကစလို့ မိမိနေအိမ်ကို ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ပြီး ဒေသခံပြည်သူတွေ လုံခြုံစွာ နေထိုင်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးသွားမယ်လို့လည်း ZRA – EC ဘက်က အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူတွေအနေနဲ့လည်း မိမိလုပ်ရပ်တွေကို ဝန်ခံပြီး ငြိမ်းချမ်းစွာ အတူနေထိုင်လိုကြောင်း ခံဝန်လက်မှတ်ထိုးရင် အရေးယူမှုတွေကနေ ကင်းလွတ်ခွင့်ပြုပြီး ဒေသတွင်း လုံခြုံစွာ ပြန်လည်နေထိုင်နိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

ချင်းပြည် ( Chinland) ကောင်စီနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ဇိုမီးတော်လှန်ရေးတပ် ( ZRA) ပူးပေါင်းတပ်ဖွဲ့တွေက မေလ ၁၉ ရက်နေ့က ပြန်လည်သိမ်းပိုက် ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

တွန်းဇံမြို့ကို ချင်းပြည် ( Chinland) ကောင်စီနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့က စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားရာကနေ ၂ နှစ်ခန့်အကြာ မှာ ပြန်လည် လက်လွှတ်လိုက်ရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *