Headlines

မလေးရှားသွားရင်း ကားပေါ်မှာ အသက်ရူမဝလို့ ကွယ်လွန်ခဲ့သူ ချင်းလူငယ်အလောင်းထုတ်ယူနိုင်ဖို့ ထိုင်းမှာ မိသားစုဝင်တွေ ကြိုးစားနေ

ဧပြီလ ၁၅ ရက်။

မလေးရှားနိုင်ငံသို့ သွားရာ ထိုင်းနယ်စပ်က လမ်းခရီးကားပေါ်မှာ လူများလို့ အသက်ရှုမဝလို့ကွယ်လွန်သွားတဲ့ အသက် ၁၉ နှစ်အရွယ် ချင်းလူငယ် Tg. Pau Lam Kim ရဲ့ ရုပ်အလောင်းကို ထိုင်းနိုင်ငံ ၊ Hat Yai မြို့က မအော်ဆေးရုံမှာ ရှိနေပြီး မိသားစုဝင်တွေက ထုတ်ယူနိုင်ဖို့ ကြိုးစားနေကြတယ်လို့ မိသားစုဝင်တစ်ဦးက Chin World မီဒီယာကို ပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံကို ကားနဲ့တဆင့် သွားရောက်ခဲ့ကြတဲ့ ချင်းပြည်နယ် ၊ တီးတိန်မြို့နယ်က Tuivial ကျေးရွာနေ ချင်းလူငယ် ၄ ဦးတို့ဟာ ထိုင်း – မလေး နယ်စပ် ထိုင်းနိုင်ငံ ဆွမ်ခလာမြို့နယ်အရာက်မှာ ကားပေါ်မှာလူများလို့ပါလာသူ ၂ ဦးက အသက်ရှုမဝဖြစ်ကာ ၁ ဦးကွယ်လွန်ခဲ့ပြီး နောက်၁ ဦးတော့ လက်ရှိဆေးရုံတစ်ခုမှာ ဆေးကုသမှုခံယူနေသလို ကျန်တဲ့ ၂ ဦးဟာ လက်ရှိ အချုပ်ထဲ ရောက်နေတယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

မိသားစုဝင်တစ်ဦးက “ကျနော်တို့ ရုပ်အလောင်းသွားရောက်ယူဆောင်နိုင်ဖို့ မနေ့က ဘန်ကောက်ရောက်တယ် ဒီကနေ့တော့ သူတို့တည်ရှိတဲ့ Hat Yai မြို့ကို ရောက်နေပြီ သေဆုံးသွားသူရဲ့ ရုပ်အလောင်းက Hat Yai မြို့က မအော်ဆေးရုံ ရောက်နေတယ်လို့ သိရတယ် ဘာဆက်လုပ်ရမလဲဆိုတာ သေချာ မသိရသေးဘူး မြန်မာပြည် ပြန်သယ်ဖို့တော့ မိသားစုတွေက လိုလားကြတာပေါ့ အရင်ဆုံး အလောင်းထုတ်နိုင်အောင်ကြိုးစားရအုန်းမယ် သူတို့အားလုံးက စုစုပေါင်း ၄ ဦးပါ သေဆုံးသွားသူက လက်ရှိဆေးရုံမှာ ၊ နောက်ပြီး လမ်းခရီးမှာ သတိလစ်ပြီး ရှင်နေသေးတဲ့ တယောက်လည်း လက်ရှိ ဆေးရုံမှာ ကျန်တဲ့ ၂ ယောက်ကတော့ အချုပ်ထဲမှာဖြစ်တယ်” လို့ ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက သေဆုံးသူ၏ ရုပ်အလောင်းကို Chana ဆေးရုံမှာ စုံစမ်းစစ်ဆေးတာတွေ လုပ်အပြီး တခြားဆေးရုံကို ပို့ဆောင်ခဲ့တာကြောင့် လိုက်လံရှာဖွေခဲ့ရတာဖြစ်တယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

သေဆုံးသူ၊ ဆေးကုသမှုခံယူနေသူ ၊ အချုပ်ကျနေသူတွေအတွက် အမှုသွား အမူလာတွေ မသိရသေးတာကြောင့် ဘာတွေ ဆက်လုပ်ဆောင်သွားမယ်ဆိုတာ တပ်အပ်ပြောနိုင်ခြင်း မရှိသေးဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *