
မတ်လ ၁၅ ရက်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ လုံဟော့ ( Lunghawh) ကျေးရွာကို မနေ့ မတ်လ ၁၄ ရက်နေ့က စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ လူငယ် (၃) ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနေ့ မတ်လ ၁၄ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့က ဂျက်ဖိုက်တာ တစ်စီးနဲ့ လုံဟော့ ရွာ ( အောက်ရွာ) ဘက်ပိုင်းကို လေကြောင်းကနေ ဗုံး (၂) လုံးကြဲချခဲ့တာကြောင့် အသက် ၁၄ နှစ်အရွယ်တစ်ဦး၊ အသက် ၁၇ နှစ်အရွယ်တစ်ဦးနဲ့ အသက် ၂၀ အရွယ် ဒေသခံအမျိုးသားစုစုပေါင်း (၃) ဦး သေဆုံးခဲ့ပြီး အရပ်သားနေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံ သတင်းရင်းမြစ်တစ်ဦးက “ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတာရှိတယ် ၊ ရွာမှာက ပြည်သူတွေကရှိတယ်လေ ၊ လုံဟော့က အောက်ရွာ၊ အပေါ်ရွာဆိုပြီးရှိတယ် အပေါ်ရွာက လမ်းမကြီးဘဲ၊ အခုဖြစ်သွားတဲ့နေရာက အောက်ရွာမှာပေါ့ လှန်ဇောလ် အခုစစ်တပ်တွေနေတဲ့နေရာနဲ့ နီးတယ် အောက်ရွာဆိုလည်း အခုတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေနဲ့ သိပ်တော့မဝေးဘူး ဒရုန်းလည်းသွားနေတာကို အဲဒါကြောင့် ကျနော်တစ်ခါ ပြောခိုင်းတယ် သူတို့ကို ကြိုပြီးပစ္စည်းရွှေ့ခိုင်းပြီးတော့ ပြည်သူတွေကို ကျင်းတွေတူးခိုင်းကြ မကြာခင် ဒရုန်းတွေ လာချမှာ တိုက်ပွဲနေရာနဲ့နီးတယ်ဆိုတော့ လေကြောင်းတွေလည်း တိုက်ခိုက်ခံရနိုင်တယ် ကြိုပြီးလုပ်ခိုင်းကြပါဆိုပြီးမှ ကျနော်တို့ တခါတော့ ပြောထားတာရှိတယ်” လို့ပြောပါတယ်။
လုံဟော့ ကျေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က စစ်ကော်မရှင်တိုက်ခိုက်လိုက်တဲ့ အသေခံဒရုန်းကြောင့် ဒေသခံ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာအပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။
လုံဟော့ ကျေးရွာဟာ ကလေး – သိုင်းငင်း – ဖလမ်းလမ်းမ အနီးမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး အောက်ရွာ၊ အပေါ်ရွာဆိုပြီး တည်ရှိသလို ယမန်နေ့နေ့လည်က လေကြောင်းတိုက်ခိုက်မှုက လုံဟော့ ( အောက်ရွာ) မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

