
မတ်လ ၁၅ ရက်။
လက်ရှိမှာ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) လမ်းကြောင်းရှိတဲ့ နယ်မြေတွေကို မြန်မာစစ်ကော်မရှင်က ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ အာရက္ခတပ်တော် (AA) ရဲ့ လက်အောက်မှာ ရှိနေတာကြောင့် AA နဲ့ လိုအပ်သလို ဆက်သွယ်ညှိနှိုင်းမှုတွေ ပြုလုပ်နေရတယ်လို့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ပြည်နယ် လွှတ်တော်အစည်းအဝေးအတွင်း ဝန်ကြီးချုပ်က အခုလို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီစီမံကိန်းလမ်းကို တရားဝင် ဖွင့်လှစ်လိုက်မယ်ဆိုရင် မီဇိုရမ်ပြည်နယ်အပေါ် သက်ရောက်မှုတွေ အများကြီး ရှိလာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် “Impact Study Team” (သက်ရောက်မှု လေ့လာရေးအဖွဲ့) ကို ဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့ရဲ့ အစီရင်ခံစာ မထွက်လာမချင်း ဘာမှ ဆက်လုပ်လို့ မရသေးဘူးလို့လည်း ဝန်ကြီးချုပ်က ဆိုပါတယ်။
ကုလားတန်စီမံကိန်းနယ်မြေအများစုရှိတဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA) က ၂၀၂၄ ခုနှစ်နှစ်ဆန်းပိုင်းကတည်းကသိမ်းပိုက်ထားပါတယ်။
၀န်ကြီးချုပ်က “လေ့လာရေးအဖွဲ့ကို Lunglei West မဲဆန္ဒနယ်က Pu T. Lalhlimpuia က ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းလမ်းကနေ လက်ရှိမှာ ကုန်သွယ်မှုတွေ အင်တိုက်အားတိုက် လုပ်ဆောင်နေတယ်ဆိုတာဟာ အစိုးရက တရားဝင် သိရှိထားတာမျိုး မဟုတ်သလို၊ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ဆောင်နေတာမျိုးလည်း မဟုတ်သေးဘူး” လို့ ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဘက်ကနေ ဒီလမ်းကြောင်းအတိုင်း မီဇိုရမ်ပြည်နယ် Lawngtlai ဘက်ကို တရားမဝင် ဝင်ရောက်မှုတွေ များပြားနေတဲ့အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ အဲဒါတွေကို တားဆီးနိုင်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေဖြစ်တဲ့ DC, SP, Assam Rifles, BSF တို့အပြင် NGO တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

