Headlines

စစ်မှုထမ်းကာလ ၃ နှစ် သတ်မှတ်ပြီး တပ်သားသစ်စုဆောင်းခြင်းဆိုင်ရာ မူဝါဒ ချမှတ်ပြီး ဆောင်ရွက်နေပြီလို့ Chinland Council ပြော

မတ်လ ၁၃ ရက်။

စစ်မှုထမ်းကာလ ၃ နှစ်သတ်မှတ်ပြီး တပ်အင်အားတည်ဆောက်နိုင်ဖို့အတွက် တပ်သားသစ်စုဆောင်းခြင်းဆိုင်ရာ မူဝါဒ ချမှတ်ပြီး ဒေသတချို့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF)ဦးဆောင်တဲ့ Chinland Council ရဲ့ တွဲဖက်အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက Chin World Media ကို ပြောပါတယ်။

Chinland Council တွဲဖက်အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက “စစ်မှုမထမ်းမနေရ ဆိုတာမဟုတ်ဘူး၊ တပ်အင်အားတည်ဆောက်နိုင်ဖို့အတွက် တပ်သား သစ်စုဆောင်းခြင်းဆိုင်ရာ ဆိုင်ရာမူဝါဒကို ချမှတ်ပြီး အကောင်အထည်ဖော်တယ်၊ ဒါက ချင်းပြည်သူအားလုံးရဲ့ အမျိုးသားရေးတာဝန်ဖြစ်တယ်ပေါ့ ဒေသတချို့မှာတော့ ဒီမူဝါဒကို စနေပြီလို့ ပြောလို့ရပါတယ် ၊ စစ်မှုထမ်းကာလကို သုံးနှစ် သတ်မှတ်ထားတယ်” လို့ပြောပါတယ်။

စစ်မှုမထမ်းလိုဘဲ ထွက်ပြေးတိမ်းရှောင်နေသူတွေကို မူဝါဒနဲ့အညီ ထိုက်သင့်တဲ့ တန်ရာတန်ကြေးအတိုင်း ဆောင်ရွက်သွားရမှာဖြစ်တယ်လို့လည်း Chinland Council တွဲဖက်အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက ပြောပါတယ်။

စစ်မှုထမ်းကာလကို အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး သိမ်းပိုက်ရရှိထားတဲ့ နယ်မြေတွေ ပြန်လည်မဆုံးရှုံးဖို့ နဲ့ နယ်မြေစိုးမိုးရေးအတွက် အင်အားဖြည့်တင်းဖို့ တပ်သားသစ်စုဆောင်းခြင်း ဆိုင်ရာ မူဝါဒကို ချမှတ်တာလို့လည်း သိရှိရပါတယ်။

အခုချမှတ်လိုက်တဲ့ တပ်သားစုဆောင်းခြင်းဆိုင်ရာ မူဝါဒကို Chinland Council အဖွဲ့မှာ ပါဝင်တဲ့ ချင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၂၀ ကျော်ရဲ့ သဘောတူညီချက်နဲ့ လုပ်ဆောင်ခဲ့တာလို့လည်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *