Headlines

မီဇိုဘာသာစကားကို အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း အသိအမှတ်ပြုထည့်သွင်းရေး အဆို ပြည်နယ်လွှတ်တော်အတွင်းတင်သွင်းမည်

မတ်လ ၉ ရက်။

မီဇိုရမ်ပြည်နယ်အတွင်း အဓိကရုံးသုံးဘာသာစကားအဖြစ်အသုံးပြုတဲ့ မီဇိုဘာသာစကားကို အိန္ဒိယနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဋ္ဌမဇယား (8th Schedule) ထဲမှာ တရား၀င် ထည့်သွင်းသတ်မှတ်ပေးဖို့ တောင်းဆိုတဲ့ အဆိုပြုချက်တစ်ခုကို မီဇိုရမ်ပြည်နယ်လွှတ်တော်မှာ တင်သွင်းသွားမှာဖြစ်တယ်လို့ India Today Media မှာဖော်ပြပါတယ်။

လွှတ်တော်အတွင်းရေးမှူးရုံးရဲ့ အရာရှိတွေ ပြောကြားချက်အရ အဆိုပါ အဆိုပြုချက်ကို မတ်လ ၉ ရက်၊ တနင်္လာနေ့မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးရဲ့ မေးခွန်းမေးမြန်းခြင်းအစီအစဉ်အပြီးမှာ မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Vanlalthlana က တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ဒီအဆိုပြုချက်ဟာ အိန္ဒိယနိုင်ငံရဲ့ အဓိကဘာသာစကားတွေကို အသိအမှတ်ပြုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယားထဲမှာ မီဇိုဘာသာစကား ပါဝင်လာစေဖို့ ကြိုးပမ်းမှုတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

မီဇိုဘာသာစကားဟာ မီဇိုမျိုးနွယ်စုအသီးသီးနဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ အချင်းချင်း ဆက်သွယ်ပြောဆိုရာမှာ သုံးတဲ့ ဘုံစကား (Lingua Franca) အဖြစ် ပြည်နယ်တစ်ခုလုံးကို စုစည်းပေးထားတဲ့ ဘာသာစကားလည်း ဖြစ်ပါတယ်လို့ဆိုကြပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Lalduhoma နဲ့ မီဇိုဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (MLDB) လက်အောက်က အဋ္ဌမဇယား လေ့လာရေးအဖွဲ့ဝင်တွေ မကြာသေးခင်က တွေ့ဆုံဆွေးနွေးခဲ့ရာကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေအတွင်း မီဇိုဘာသာစကားကို အိန္ဒိယနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အဋ္ဌမဇယားထဲ ထည့်သွင်းဖို့အတွက် ပြည်နယ်အတွင်းက လူမှုအဖွဲ့အစည်းတွေနဲ့ မီဇိုမျိုးနွယ်စုတွေကြားမှာ တခဲနက် ထောက်ခံမှုနဲ့ သဘောတူညီမှုတွေ ရှိနေတယ်လို့ လေ့လာရေးအဖွဲ့က ဝန်ကြီးချုပ်ကို တင်ပြခဲ့ပါတယ်။

မီဇိုဘာသာစကားကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အသိအမှတ်ပြုဖို့ အဆိုပြုချက်ကို အိန္ဒိယဗဟိုအစိုးရဆီ အရင်က တင်ပြခဲ့ဖူးပေမဲ့ အမျိုးသားအဆင့်မှာ ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘူးလို့ လေ့လာရေးအဖွဲ့ဝင်တွေက ထောက်ပြခဲ့ပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် လုပ်ငန်းအဖွဲ့ (Task Force) တစ်ခု သီးသန့်ဖွဲ့စည်းပြီး၊ နောက်ဆုံးပေါ် အချက်အလက်တွေ၊ အဖွဲ့အစည်းဆိုင်ရာ ထောက်ခံချက်တွေနဲ့အတူ အဆိုပြုချက်ကို အသစ်ပြန်လည် တင်သွင်းဖို့ အဖွဲ့က အကြံပြုထားပါတယ်။

သမိုင်းကြောင်းအရ မီဇိုဘာသာစကားကို ၁၉၇၄ ခုနှစ်မှာ မီဇိုရမ်ပြည်နယ်ရဲ့ ရုံးသုံးဘာသာစကားအဖြစ် ကြေညာခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ပြည်နယ်တစ်ခုလုံးရဲ့ အဓိက ဆက်သွယ်ပြောဆိုရာ ဘာသာစကားအဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် မီဇိုဘာသာစကားဟာ အိန္ဒိယနယ်စပ်ကို ကျော်လွန်ပြီး ကမ္ဘာအနှံ့မှာ နေထိုင်ကြတဲ့ ဇို (Zo) မျိုးနွယ်စုတွေကြားမှာလည်း ယဉ်ကျေးမှုအရ အရေးပါတဲ့ ဘုံဆက်သွယ်ရေး ဘာသာစကားတစ်ခုလည်း ဖြစ်ပါတယ်။

အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဋ္ဌမဇယား (8th Schedule) ပုဒ်မ ၃၄၄ (၁) နဲ့ ၃၅၁ အရ သတ်မှတ်ထားတဲ့ “အသိအမှတ်ပြု ဘာသာစကားများ စာရင်း” ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘာသာစကားမျိုးစုံရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက် အစိုးရက တရားဝင် အသိအမှတ်ပြုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးရမယ့် ဘာသာစကားတွေကို ဒီဇယားထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဟင်ဒီ (Hindi)၊ ဘင်္ဂါလီ (Bengali)၊ တမီးလ် (Tamil) အပါအဝင် ဘာသာစကား ၂၂ မျိုးကိုသာ အဋ္ဌမဇယားထဲမှာ ထည့်သွင်းထားပါတယ်။ မီဇို (Mizo) ဘာသာစကားကတော့ အခုထိ ဒီစာရင်းထဲမှာ မပါဝင်သေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *