
မတ်လ ၂ ရက်။
အာဏာသိမ်း စစ်ကော်မရှင်က မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွှတ်ပေးလိုက်တဲ့အထဲ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသား / အကျဉ်းသူ အများစုပါဝင်တဲ့ ၁၁၅ ဦးကို လွတ်ပေးလိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီကနေသိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများအရေးနဲ့ နီးစပ်သူဒေသခံတစ်ဦးက “ နိုင်ငံရေးအကျဉ်းသူ ၂၅ ဦး ၊ အကျဉ်းသား က ၈၁ ယောက်လို့ စာရင်းအတိအကျသိရတယ် ၊ ကျန်တာကတော့ တခြားပြစ်မှုတွေနဲ့ ပြန်လွတ်တဲ့သူတွေ” လို့ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားကွန်ရက် ( PPNM) ရဲ့ ကနဦးရရှိထားတဲ့ နိုင်ငံရေးအကျဉ်းသား လွတ်လာတဲ့ ဦးရေမှာ ကလေးမြို့မော်လိုက်အကျဉ်းထောင်ကနေ အမျိုးသား ၈၁ ဦးနဲ့ အမျိုးသမီး ၂၅ ဦး ရှိတယ်လို့လည်း ဖော်ပြထားတာတွေ့ရပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၂၅ ( က) အရ ပြစ်မှု ကျူးလွန်သူကာ အကျဉ်းထောင်၊ အချုပ်ထောင် ၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ဦးရေ ၇၃၃၇ ဦးနှင့် အခြားအမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၂,၈၂၅ ဦး စုစုပေါင်း အကျဉ်း၊ အကျဉ်းသား ဦးရေ ၁၀,၁၆၂ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၊ ၄၀၁ ပုဒ်မခွဲ (၁) အရ ‘နောက်တကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်တဲ့ ပြစ်ဒဏ်တွေကို ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်တွေပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကော်မရှင်က ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ ( က) ဖြင့် တရားစွဲဆိုခံရသူများ၊ ယင်းပုဒ်မတွေဖြင့် ထွက်ပြေးတိမ်းရှောင်နေသူ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ စုစုပေါင်း ၁၂,၄၈၇ ဦးရဲ့ အမှုတွေကိုလည်း ပိတ်သိမ်းကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ကလေးမြို့ ၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်သား ၄၀၀ ကျော်နဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၁၀၀ ကျော် ရှိတဲ့အထဲ အကျဉ်းသူ / အကျဉ်းသား ၁၀၆ ဦးကို ဒီကနေ့မှာ ထပ်မံ လွတ်ပေးလိုက်တာဖြစ်ပါတယ်။

