Headlines

ကိုယ်စားဝန်ထမ်း တရားမဝင်ငှားရမ်းမှုဖြင့် မီဇိုရမ်အစိုးရဝန်ထမ်း ၂၉ ဦးကို အလုပ်မှထုတ်ပယ်

ဖေဖော်၀ါရီလ ၂၅ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရဌာနအသီးသီးက ဝန်ထမ်း ၂၉ ဦးဟာ ၎င်းတို့ရဲ့ တာဝန်တွေကို ကိုယ်တိုင်မလုပ်ဘဲ တရားမဝင် ကိုယ်စားဝန်ထမ်း (Proxy) ငှားရမ်းခိုင်းစေခဲ့တဲ့အတွက် အလုပ်ကနေ ထုတ်ပယ်လိုက်ရတယ်လို့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဝန်ကြီး K Sapdanga က ပြောကြားခဲ့ကြောင်း ဖေဖော်၀ါရီ ၂၅ ရက်နေ့မှာ India Today သတင်းဌာနကဖော်ပြပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပတဲ့ မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ကိုယ်စားဝန်ထမ်းငှားရမ်းခဲ့တဲ့ ဝန်ထမ်း ၃၇ ဦးကို စစ်ဆေးခဲ့ရာမှာ ၂၉ ဦးကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပြီး ကျန်တဲ့ ၈ ဦးကိုတော့ အသေးစားပြစ်ဒဏ်တွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အရေးယူမှုတွေကို သက်ဆိုင်ရာ အရာရှိတွေရဲ့ နှစ်ပတ်လည် လျှို့ဝှက်အစီရင်ခံစာ (ACR) ထဲမှာပါ မှတ်တမ်းတင်ထားတယ်လို့ သိရပါတယ်။ အခုလို ဆောင်ရွက်တဲ့လုပ်ငန်းစဥ်ဟာ ဝန်ကြီးချုပ် Lalduhoma က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်တစ်ခုကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမိန့်မှာ ကိုယ်စားဝန်ထမ်းငှားရမ်းတဲ့ အလေ့အထကို ရပ်ဆိုင်းဖို့နဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ သက်ဆိုင်ရာဌာနတွေထံ ပြန်လည်အစီရင်ခံဖို့ ညွှန်ကြားခဲ့တာပါ။ အစိုးရရဲ့ အချက်အလက်တွေအရ ဝန်ထမ်းပေါင်း ၃,၆၀၀ ခန့်ဟာ ကိုယ်စားဝန်ထမ်း ငှားရမ်းခဲ့ဖူးကြောင်း ဝန်ခံထားကြပါတယ်။

ဌာနအလိုက် ကြည့်မယ်ဆိုရင် ပညာရေးဌာနမှာ ကိုယ်စားဝန်ထမ်းငှားရမ်းမှု ၁,၁၁၅ ဦးနဲ့ အများဆုံးဖြစ်နေပြီး ကျန်းမာရေးဌာန (၆၂၄ ဦး) နဲ့ လျှပ်စစ်ဌာန (၂၅၃ ဦး) တို့က နောက်ကနေ ရပ်တည်နေပါတယ်။

ကိုယ်စားဝန်ထမ်းငှားရမ်းရတဲ့ အကြောင်းအရင်းတွေအနေနဲ့ ဝန်ထမ်း ၂,၀၀၀ က ကျန်းမာရေးပြဿနာကြောင့်လို့ ဆိုကြသလို၊ ၇၀၃ ဦးကတော့ မိသားစုရေးရာကိစ္စတွေကြောင့်လို့ အကြောင်းပြခဲ့ကြပါတယ်။ တချို့ကတော့ ကျေးလက်ဒေသတွေမှာ ဝန်ထမ်းအိမ်ရာ မရှိတာနဲ့ သွားလာရ ဝေးလံတာတွေကို အကြောင်းပြခဲ့ကြတာပါ။

လက်ရှိမှာတော့ ၂၀၂၄ ခုနှစ် အထူးဆန္ဒအလျောက် အနားယူခြင်းဆိုင်ရာ စီမံချက်ကို အစိုးရက မိတ်ဆက်ထားပြီး လုပ်သက် ၂၀ ကျော်တဲ့ ဝန်ထမ်းတွေအနေနဲ့ ဆန္ဒအလျောက် အနားယူနိုင်မယ့် အခွင့်အလမ်းကို ပေးထားပါတယ်။ မီဇိုရမ်ပြည်နယ်မှာ အစိုးရဝန်ထမ်း စုစုပေါင်း ၄၅,၀၀၀ နဲ့ ၅၀,၀၀၀ ကြား ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *