
ဖေဖော်ဝါရီလ ၁၂ ရက်။
အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကာလအလွန် နိုင်ငံရေးဖြားယောင်းသွေးဆောင်မှုတွေကို ကလေးမြို့တော်လှန်လူထုနဲ့အတူ စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ(KPSSC) က ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက – KPSSC အဖွဲ့က ဦးမောင်မောင်လေးက “ ရွေးကောက်ပွဲအလွန်မှ မဟုတ်ပါဘူး အာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း ဒီကနေ့ ဒီအချိန်ထိ ၅ နှစ်လုံးလုံး မြန်မာ ပြည်သူတရပ်လုံးရဲ့ဘုံရန်သူဖြစ်တဲ့ လက်နက်ကိုင်ထားတဲ့ စစ်တပ်က တော်လှန်ရေးအပေါ် ပြည်သူက ယုံကြည်မှုအားနည်းလာအောင် နည်းလမ်းမျိုးစုံနဲ့ ပုံစံမျိုးစံနဲ့ ရက်စက်မှုပေါင်းစုံနဲ့ ဖိနှိပ်လာခဲ့တာ စစ်ရာဇဝတ်မှုကို ကျူးလွန်လာခဲ့တာဆိုရင် ၅ နှစ်ရှိပါပြီ ဒီလိုချိန်မှာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ နိုင်ငံရေးထွတ်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲအလွန်ကာလမှာ ဒီရွေးကောက်ပွဲကို လည်း ပြည်သူလူထုတရပ်လုံးအနေဖြင့် ပြတ်ပြတ်သားသား အထူးသဖြင့် ကလေးမြို့နယ်လူထုက ပြတ်ပြတ်သားသား ပြသလိုက်ပြီးဖြစ်တယ် ဒီလိုအနေထားမှာ ကျနော်တို့ လူထုတရပ်လုံးအနေနဲ့ စစ်ကောင်စီရဲ့ သွေးထိုးမှု လှုံ့ဆော်မှု တွေကို သတင်းမှန်တွေနဲ့ အန်တုသွားဖို့ လိုပါတယ်” လို့ထုတ်ပြန်ပါတယ်။
ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက – KPSSC ဟာ ၂၀၂၁ ခုနှစ် ပြည်လုံးကျွတ်လူထုတိုက်ပွဲကြီး ၅ နှစ်တာကာလအတွင်း ကလေးမြို့လူထုသပိတ်ကော်မတီ၊ ကလေးမြို့ပင်မသပိတ်အင်အားစု စသည်ဖြင့် အဆင့်ဆင့် စုဖွဲ့ကာ ကလေးမြို့ပေါ် နဲ့ ကျေးလက်နေ ပြည်သူတွေနဲ့အတူ ၇ ၊ ၁ ၊ ၂၀၂၁ ရက်နေ့ကနေ ဒီကနေ့ အချိန်အထိ အလံမလိပ်၊ အသံမတိတ် လူထုသပိတ်တိုက်ပွဲတွေကို ဆင်နွှဲလျက်ရှိတယ်လို့ ဆိုပါတယ်။
ပြည်သူလူထုဦးဆောင်တဲ့ ပြည်လုံးကျွတ်လူထုတိုက်ပွဲကြီး (၅) နှစ်တာကာလအတွင်း ရောက်ရှိလာသည်နှင့် အမျှ ဒေသတွင်းစုဖွဲ့မှု ကျစ်လျစ်စေရန် စနစ်တကျဖွဲ့စည်းဖို့ လိုအပ်လာပြီး ဖွဲ့စည်းပုံနဲ့ လုပ်ငန်းတာဝန်တွေ သတ်မှတ်ကာ အဖွဲ့ဝင်စာရင်းတွေကို တိတိကျကျ သေသေချာချာ မှတ်တမ်းထားရှိပြီးကျေးရွာအလိုက် ဦးဆောင်သူများ အုပ်စုအလိုက် ဦးဆောင်သူများထားရှိကာ လူထုပါဝင်မှု အရှိန်မြှင့် လုပ်ဆောင်ရန် ရည်ရွယ်ကြောင်းနဲ့ ဦးဆောင်သူတွေ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု ( GSCB) နဲ့ ချိတ်ဆက်ပူးပေါင်းနိုင်ရန်လည်း ဦးဆောင်ကော်မတီဖွဲ့စည်းပြီး ကိုယ်စားလှယ်များ စေလွှတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပြည်သူလူထုဦးဆောင်တဲ့ ပြည်လုံးကျွတ်လူထုတိုက်ပွဲကြီး (၅) နှစ်တာကာလအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုရှားမှု (CDM) တိုက်ပွဲဝင် ဌာနပေါင်းစုံမှ ပြည်သူ့ဝန်ထမ်းများ ၊ မတရားဖမ်းဆီးခံရ နိုင်ငံရေး အကျဉ်းသူ / သား ကျောင်းသားလူငယ်တွေ နဲ့ လက်နက်ကိုင် တိုက်ပွဲအတွင်း အသက်ပေးဆပ်ခဲ့ရတဲ့ အာဇာနည်များ နဲ့ ကိုယ်လက်အင်္ဂါပေးဆပ်တိုက်ပွဲဝင်လျက်ရှိသူတွေနဲ့ အသက်အိုးအိမ် စည်းစိမ် ပေးဆပ်ခဲ့ရသူတွေပေါ် လေးစားစွာ ဦးညွှတ်တယ်လို့လည်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက – KPSSC အဖွဲ့က ထုတ်ပြန်ပါတယ်။

