
ဖေဖော်ဝါရီလ ၅ ရက်။
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ကုလားတန်စီမံကိန်းကိစ္စအပါအ၀င် ဒေသတွင်း ရထားလမ်းဝန်ဆောင်မှုတွေ နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ဖို့အတွက် စီမံကိန်းတွေကို သတ်မှတ်ချိန်အတွင်း အပြီးသတ်နိုင်ရေးနဲ့ နှစ်ပြည်နယ်ကြား ပူးပေါင်းဆောင်ရွက်ဖို့ အလေးပေးဆောင်ရွက်ရေးကိစ္စ အိန္ဒိယနိုင်ငံ၊Mizoram နဲ့ Nagaland ပြည်နယ်က တာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ Dimapur မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
လက်ရှိမှာ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMTTP) နဲ့ ရထားလမ်း ဝန်ဆောင်မှုဆိုင်ရာ လေ့လာရေးကော်မတီ (Study Committee on KMMTTP and Railway Line Services) ရဲ့ ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်နေသူ Pu T. Lalhlimpula က “ကုလားတန် စီမံကိန်းဟာ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ကနေ မြန်မာနိုင်ငံ၊ စစ်တွေဆိပ်ကမ်းအထိ ရေကြောင်းကနေ ချိတ်ဆက်မှာဖြစ်ပြီး၊ အဲဒီကတစ်ဆင့် ကုလားတန်မြစ်ကြောင်းအတိုင်း ပလက်ဝအထိ၊ နောက်ဆုံးမှာတော့ ကုန်းလမ်းကနေ Mizoram အထိ ချိတ်ဆက်မှာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရရဲ့ ရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ ဒီစီမံကိန်းကို ၂၀၂၇ ခုနှစ်မှာ အပြီးသတ်ဖို့ ရည်မှန်းထားပြီး၊ ဒါဟာ Siliguri Corridor ကို ရှောင်ကွင်းပြီး အရှေ့မြောက်ပိုင်း ပြည်နယ်တွေအတွက် ခရီးအကွာအဝေး ၇၀၀ ကီလိုမီတာကျော် သက်သာစေမယ့် လမ်းကြောင်းသစ်တစ်ခု ဖြစ်လာမှာပါ” လို့ ဆိုပါတယ်။
Nagaland ပြည်နယ်ဟာ ၁၉၀၃ ခုနှစ်ကတည်းက ရထားလမ်းသမိုင်းကြောင်း ရှိခဲ့တာဖြစ်ပြီး Mizoram ကတော့ ၂၀၁၆ ခုနှစ်မှာမှ Bairabi ကတစ်ဆင့် ရထားလမ်းကွန်ရက်နဲ့ စတင်ချိတ်ဆက်နိုင်ခဲ့တာပါ။
၂၀၂၅ ခုနှစ် စက်တင်ဘာလမှာတော့ Aizawl မြို့အနီးက Sairang အထိ ရထားလမ်း ရောက်ရှိခဲ့ပါတယ်။ အခုတွေ့ဆုံမှုကတစ်ဆင့် ရထားလမ်းဆက်သွယ်ရေးကြောင့် လူမှုအသိုက်အဝန်း၊ ယဉ်ကျေးမှုနဲ့ စီးပွားရေး ပြောင်းလဲမှုတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာကို Nagaland ရဲ့ အတွေ့အကြုံတွေဆီကနေ သင်ယူလိုတာဖြစ်တယ်လို့ Pu T. Lalhlimpula က ဆိုပါတယ်။
စီမံကိန်းလေ့လာရေးကော်မတီဝင် Pu Zomuana က “၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ဒီစီမံကိန်းဟာ ကာလကတ္တားကနေ မြန်မာနိုင်ငံအတွင်းက ရေကြောင်း၊ ကုန်းလမ်းတွေကတစ်ဆင့် Aizawl ကို ချိတ်ဆက်မယ့် ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖြစ်လာမှာပါ။ စုစုပေါင်း ၈၈၀ ကီလိုမီတာ ရှည်လျားတဲ့ ဒီလမ်းကြောင်းဟာ Mizoram၊ Tripura နဲ့ Assam ပြည်နယ်အောက်ပိုင်းတို့အတွက် အကျိုးရှိစေမှာဖြစ်ပြီး၊ လာမယ့် သြဂုတ်လ ဒါမှမဟုတ် စက်တင်ဘာလမှာ နောက်ဆုံးအစီရင်ခံစာ တင်သွင်းနိုင်ဖို့ ပြင်ဆင်နေတယ်” လို့ ဆိုပါတယ်။
ရထားလမ်းဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လက်ရှိမှာ Guwahati နဲ့ Sairang ကြား နေ့စဉ် ရထားပြေးဆွဲနေသလို၊ New Delhi နဲ့ Kolkata တို့ကိုလည်း တစ်ပတ် နှစ်ကြိမ် ပြေးဆွဲပေးနေပြီဖြစ်ကြောင်း Pu Zomuana က ထည့်သွင်းပြောကြားခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံအတွင်း စီမံကိန်းနယ်မြေအချို့မှာ နယ်မြေစိုးမိုးမှု အပြောင်းအလဲတွေ ရှိနေပေမဲ့ ကုလားတန်စီမံကိန်းကို သတ်မှတ်ချိန်အတွင်း အပြီးသတ်နိုင်ဖို့အတွက် Mizoram နဲ့ Nagaland တာဝန်ရှိသူတွေက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

