Headlines

တော်လှန်ရေးမှာ ဦးဆောင်တိုက်ပွဲဝင်နေတဲ့ KIO / KIA ကို လေးစားဂုဏ်ယူကြောင်း KIA ဖွဲ့စည်းခြင်း ၆၅ နှစ်ပြည့်မှာ CNF က သဝဏ်လွှာပေးပို့

ဖေဖော်ဝါရီလ ၅ ရက်။

မပြီးဆုံးသေးတဲ့ တော်လှန်ရေးအတွက် ဆက်လက်ဦးဆောင် တိုက်ပွဲဝင်နေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အား ဂုဏ်ယူလေးစားကြောင်း ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာကျရောက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖွဲ့စည်းခြင်း (၆၅) နှစ် ပြည့်မှာ ချင်းအမျိုးသားတပ်ဦး (CNF / CNA) က သဝဏ်လွှာပေးပို့်ခဲ့ပါတယ်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် မိမိတို့၏ ညီရင်းအစ်ကိုဖြစ်သော ကချင်လူမျိုးနှင့် တော်လှန် တွဲလက်များ ပိုမိုခိုင်မြဲစေပြီး ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်များ အောင်မြင်သည်အထိ အစွမ်းကုန် ကြိုးပမ်းမယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပင်လုံကတိကဝတ်များ ချိုးဖောက်ခံရပြီးနောက် လူမျိုးရေးနှင့် ဘာသာရေး ဖိနှိပ်မှုများကို တော်လှန်ဆန့်ကျင်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးအတွက် ကချင်အမျိုးသားတို့၏ တော်လှန်ရေး တပ်မတော်ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ ယနေ့တွင် (၆၅) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

(၆၅) နှစ်တာ တော်လှန်ရေးကာလအတွင်း အသက်သွေးချွေးနှင့် ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ ကြကုန်သော ကချင်အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းကို ဂုဏ်ယူလေးစားမှု အပြည့်ဖြင့် ဦးညွတ်အလေးပြုကြောင်းနဲ့ မပြီးဆုံးသေးသော တော်လှန်ရေးအတွက် ဆက်လက် ဦးဆောင် တိုက်ပွဲဝင်နေသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အား ဂုဏ်ယူလေးစားပါကြောင်းကိုလည်း သဝဏ်လွှာမှာဖော်ပြထားပါတယ်။

KIO/KIA အနေဖြင့် ကချင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်နှင့် ဤပြည်ထောင်စု အတွင်း မှီတင်းနေထိုင်ကြကုန်သော တော်လှန်ပြည်သူတရပ်လုံး၏ ရည်မှန်းချက်များ ပြည့်မြောက် သည့်အထိ ဆက်လက်ဦးဆောင် တိုက်ပွဲဝင်နိုင်ပါစေကြောင်းကိုလည်း ဆန္ဒပြုဆုမွန်ကောင်း တောင်းအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွ့ဲအစည်းတော်တော်များများကို မွေးထုတ်ပေးခဲ့တဲ့အထဲ ချင်းအမျိုးသားတပ်ဦး ( CNF/ CNA) ကိုလည်း မွေးထုတ်ပေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *