Headlines

တီးတိန်မြို့တွင်းတိုက်ပွဲကာလအတွင်း မီးလောင်ပြာကျသွားတဲ့အိမ်ပိုင်ရှင်များ အိမ်ပြန်လည်တည်ဆောက်ခြင်းမပြုလုပ်နိုင်သေးပဲခက်ခဲစွာရှင်သန်နေရ

စက်တင်ဘာလ ၂၄ ရက်။

တီးတိန် မြို့တွင်း တိုက်ပွဲ ကာလ အတွင်း မီးလောင်ပြာကျ သွားတဲ့နေအိမ် ၇၁ အိမ် အတွက် စစ်ကောင်စီ ဘက်မှ မည်သည့် အကူအညီမှ မပေးထားသလို အိမ်ပိုင်ရှင်များ အနေနဲ့လည်း နေအိမ် များကို ပြန်လည် တည်ဆောက် ခြင်း မရှိသေးကြောင်း အိမ်ဆုံးရှုံးခဲ့တဲ့မိသားစုများခက်ခဲစွာရှင်သန်နေရတယ်လို့ တီးတိန်မြို့တွင်းတိုက်ပွဲကာလအတွင်း နေအိမ် မီးလောင်ပြာကျခဲ့သူ လူငယ် တစ်ဦးထံမှ သိခဲ့ရပါတယ်။

“နေအိမ် ပြာကျ သွားတဲ့ မိသားစုဝင် အများစုက ကလေးမြို့မှာပဲ အိမ်ငှားပြီး ခိုလှုံကြတယ်။ နေ့စား အလုပ်တွေ ဝင် လုပ်ကြတာ များတယ်။ ဝက်၊ ကြက် တွေ မွေးတဲ့ လူလည်း ရှိလာတယ်။ တချို့ကတော့ သူတို့ရဲ့ သား‌တွေကို မလေးရှား ပို့ကြတယ်၊အဖွဲ့အစည်းတွေ၊ အသင်းတော်တွေ၊ ဆွေမျိုးမိတ်ဆွေတွေ၊ နိုင်ငံခြားက လူတွေရဲ့ ကူညီမှုက ကျွန်ုပ်တို့ အတွက်အထောက်အပံ့ ဖြစ်ပါတယ်။ အစိုးရ ဘက်ကနေ ဘာ အကူအညီမှ မရ‌ပါဘူး။ အိမ်မြေတွေကို မီးမလောင်နိုင် လို့ ကျန်နေတဲ့ သွပ်ပြား တွေနဲ့ ကာထား ခဲ့တယ်။ မီးလောင်တဲ့ အိမ်တွေကို ဘယ်သူမှ ပြန်မဆောက် နိုင် သေးပါဘူး” လို့ တီးတိန်မြို့မှနေအိမ်မီးလောင်ပြာကျသွားတဲ့လူငယ် ၁ ဦးက Chin World Media ကိုပြောပါတယ်။

“အစပိုင်းမှာ အိမ်မြေတွေ ရှင်းလင်း မထားရင် အစိုးရက သိမ်း မယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ စုံစမ်း ကြည့်တော့ အဲလိုမျိုး စီမံချက် မရှိဘူး လို့ သိရတယ်။အိမ်မြေတွေ အပေါ် အိမ်ပြန် ဆောက်တာ၊ တဲထိုးတာမျိုး အခုထိ မတွေရသေးဘူး။ ထွေအုပ် ဘက်ကနေ မီးလောင်ပြာကျ သွားတဲ့ နေအိမ် စာရင်းတွေ ကောက်သွားတယ်။ အကူအညီ ပေးတာမျိုးတော့ မကြားရ သေးဘူး” တီးတိန် ဒေသခံ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးက ပြောပြပါတယ်။

မေလ ၂၆ ရက်နေ့ ကနေ စတင်ခဲ့ပြီး ၁၀ ရက်တာ ကြာမြင့်ခဲ့တဲ့ တီးတိန်မြို့တွင်း တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ကမီးရှို့လို့ တီးတိန်မြို့က နေအိမ် ၇၁ လုံး မီးလောင်ပြာကျ သွားတယ်လို့ တီးတိန်မြို့ခံတွေဆီကသိရှိရပါတယ်။

တီးတိန်မြို့တွင်းတိုက်ပွဲ အပြီးစစ်ကောင်စီမှ မြို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *