
စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေး အတွက် ရည်မှန်းချက်တူညီသည့် မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ စစ်ရေးနိုင်ငံရေး လုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union )/ချင်းပြည်သူ့တပ်မတော် (Chin People’s Army) က ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်ကို ချင်းညီနောင်အဖွဲ့ဝင်များဖြင့်ကြတဲ့ မင်းတပ်မြို့နယ်တော်လှန်ရေးဦးဆောင် ကော်မတီ/ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်၊ မတူပီတော်လှန်ရေး အဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန်အတွက် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။
ချင်းတစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးနှင့် ချင်းတစ်ပြည်လုံးလွတ်မြောက်ရေးကို လိုလားပြီး ချင်းပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများကို ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) တွင်လည်းကောင်း၊ ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC) တွင်လည်းကောင်း စုစည်းပါဝင်ပြီး စစ်အာဏာရှင်အား တွန်းလှန်တိုက်ထုတ်ခဲ့ကြ ပေမယ့် စစ်ရေးနိုင်ငံရေးအား တပြိုင်တည်း လုပ်ဆောင်ရာတွင် တော်လှန်ရေးကာလ အတွင်း အစုအဖွဲ့တချို့မှ စစ်ရေးထက် နိုင်ငံရေးအား ပိုမိုအားစိုက်လာသည့် အခြေအနေများ ကြောင့် ချင်းလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအကြား ဝိဝါဒကွဲပြားမှုများ ဖြစ်ပေါ်ခဲ့ပြီး CJDC စုစည်းမှု ပျက်ပြယ်ခဲ့ပြီး စစ်ရေးနိုင်ငံရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ဖို့အတွက် ချင်းညီနောင်ကို ဖွဲ့စည်းတည်ထောင်ခဲ့တယ်လို့လည်း CPU ရဲ့ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ချင်းပြည်သူ့အစည်းအရုံးနှင့် ချင်းပြည်သူ့တပ်မတော်ဟာ ချင်းညီနောင်အဖွဲ့ဝင် အဖြစ် တက်ကြွစွာဆက်လက်ပါဝင်ပြီး စစ်အာဏာရှင်စနစ်နှင့် အခြားမည်သည့် အာဏာရှင်စနစ်မဆို အပြီးတိုင်ချုပ်ငြိမ်းရေး၊ ချင်းပြည်သူလူထု၏ မွေးရာပါ အခွင့်အရေးဖြစ်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းကို ဖော်ဆောင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေးနှင့် ရည်မှန်းချက်တူညီသည့် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲကာ စစ်ရေးနိုင်ငံရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ CPU က ဆိုပါတယ်။
ချင်းညီနောင် ( CB) အဖွဲ့ကို တပ်မတော်တစ်ရပ်အဖြစ် ဖြစ်လာဖို့ ပထဝီနယ်မြေ ချိတ်ဆက်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက ချင်းညီနောင်အဖွဲ့ဝင် ၄ ဖွဲ့က ပထမဆင့် ခြေလှမ်းအနေဖြင့် ချင်းပြည်သူ့အစည်းအရုံး (Chin People’s Union )/ချင်းပြည်သူ့တပ်မတော် (Chin People’s Army) ကို ဖွဲ့စည်းတာလို့ ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က Chin World Media ကို ကနဦးတုန်းက ဖြေဆိုထားတာရှိပါတယ်။

