Headlines

ရထားလမ်းသစ်ကြောင့် ၄ လအတွင်း မီဇိုရမ်ပြည်ဝင်ခွင့်လက်မှတ် (ILP) ၂၂,၀၀၀ ကျော် ထုတ်ပေးခဲ့ရ

ဇန်န၀ါရီလ ၁၁ ရက်။

မီဇိုရမ်ပြည်နယ်ရဲ့ Bairabi-Sairang ရထားလမ်းပိုင်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း၊ Sairang ဘူတာမှာ လာရောက်လည်ပတ်သူတွေကို ထုတ်ပေးခဲ့ရတဲ့မီဇိုရမ်ပြည်၀င်ခွင့်လက်မှတ် Inner Line Permits (ILP) ပေါင်း ၂၂,၀၀၀ ကျော် ရှိသွားပြီလို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း Mizoram News သတင်းမှာဖော်ပြပါတယ်။

ILP ဟာ မီဇိုရမ်ပြည်လို လူနည်းစုတိုင်းရင်းသားပြည်နယ်များကို အကာအကွယ်ပေးထားတဲ့ပြဋ္ဌာန်းချက်ဖြစ်ကာILP လက်မှတ်ဟာ အဆိုပါဒေသတွေကို ဝင်ရောက်မယ့် အိန္ဒိယနိုင်ငံသားတွေအတွက် ထုတ်ပေးတဲ့ တရားဝင် ခရီးသွားခွင့် လက်မှတ်တစ်ခုဖြစ်ပြီး ယခုလိုဆောင်ရွက်တာဟာ ၁၈၇၅ ခုနှစ်၊ ဗြိတိသျှအစိုးရက ထုတ်ပြန်ခဲ့တဲ့ ၁၈၇၃ ခုနှစ် ဘင်္ဂလားအရှေ့ပိုင်း နယ်စပ်စည်းမျဉ်း (BEFR) ရဲ့ ပြဋ္ဌာန်းချက်တစ်ခု ဖြစ်ပါတယ်။

Sairang ဘူတာရှိ ILP ကောင်တာမှာရှိတဲ့ ရဲအရာရှိတစ်ဦးရဲ့ ပြောပြချက်အရ ရထားလမ်းစဖွင့်ခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ပြီးခဲ့တဲ့နှစ်ကုန်အထိ ခရီးသွားတွေ၊ ကုန်သည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂၀,၉၁၄ ဦးကို ILP ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ အခု ဇန်နဝါရီ ၁ ရက်ကနေ ၈ ရက်အတွင်းမှာ နောက်ထပ် ၁,၅၁၇ ဦး ထပ်တိုးလာတာကြောင့် စုစုပေါင်း ၂၂,၄၃၁ ဦး ရှိသွားပြီဖြစ်တယ်လို့ဆိုပါတယ်။

“ပျမ်းမျှအားဖြင့်တော့ ရထားတစ်ခေါက်ဆိုက်တိုင်းမှာ ILP ၁၀၀ ကနေ ၂၀၀ ကြား ထုတ်ပေးနေရပါတယ်။ များသောအားဖြင့် တစ်နေ့ကို ရထားနှစ်စင်း ဆိုက်တယ်” လို့ အဲဒီအရာရှိက ပြောပါတယ်။

လာတဲ့သူ အများစုထဲကမှ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ခရီးသွားတွေ ပိုများပြီး ဒီဇင်ဘာလမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ကုန်သည်တွေ အများဆုံး လာကြတယ်လို့ ဆိုပါတယ်။

တချို့အချိန်တွေမှာ ဘူတာကနေ ခိုးထွက်ဖို့ ကြိုးစားတဲ့ စည်းကမ်းဖောက်ဖျက်သူတွေကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရသလို၊ တောင်းရမ်းစားသောက်သူတွေကိုလည်း တွေ့ရပြီး သူတို့ကိုတော့ သူတို့ရဲ့ နေရပ်ရွာတွေကို ချက်ချင်း ပြန်ပို့လိုက်တယ်လို့ အရာရှိက ပြောပါတယ်။

လာရောက်သူတွေဟာ ဒေလီ၊ အနောက်ဘင်္ဂလားနဲ့ တောင်ပိုင်းပြည်နယ်တွေအပါအဝင် ပြည်နယ်အသီးသီးကနေ လာကြတာဖြစ်ပြီး အနီးနားက အာသံပြည်နယ်ကနေ လာတဲ့သူ အများဆုံးဖြစ်တယ်လို့သိရပါတယ်။

ရဲတပ်ဖွဲ့ဘက်ကတော့ လက်ရှိမှာ တရားဥပဒေစိုးမိုးရေးနဲ့ ILP စစ်ဆေးတာတွေအပြင် အစိုးရရထားရဲတပ်ဖွဲ့ (GRP) ရဲ့ တာဝန်တွေကိုပါ တွဲလုပ်နေရလို့ လူအင်အား အတော်လေး နည်းနေတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံထားပါတယ်။

“GRP တာဝန်တွေကို တရားဝင် အမိန့်မထုတ်ပြန်ရသေးပေမဲ့ ကျွန်တော်တို့က ယာဉ်ကြောထိန်းသိမ်းတာနဲ့ ကားပါကင်ကိစ္စတွေအပါအဝင် သူတို့ရဲ့ တာဝန်တွေကိုပါ လုပ်ဆောင်ပေးနေရပါတယ်။ တစ်ခါတလေ ခရီးသည် ၁,၅၀၀ ကနေ ၂,၀၀၀ လောက် တစ်ပြိုင်တည်း ရောက်လာတဲ့အချိန်မှာ လူအင်အား မလောက်ငတာက တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ” လို့ အမည်မဖော်လိုတဲ့ အရာရှိက ပြောပါတယ်။

လက်ရှိမှာ အဲဒီဘူတာမှာ ရဲဝန်ထမ်း ၂၀ ပဲ ရှိပြီး ရထားနောက်ကျရင် တစ်ခါတလေ မနက်အစောကြီး ၂ နာရီအထိ အလုပ်လုပ်ရသလို မနက် ၇ နာရီဆိုရင် တာဝန်ပြန်စရတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ GRP တာဝန်တွေကို လုပ်ပေးနေရပေမဲ့ အပိုဆောင်း ထောက်ပံ့ကြေး (Allowance) တစ်ခုမှ မရရှိကြဘူးလို့လည်း အဲဒီအရာရှိက ဆိုပါတယ်။

ရထားစီးပြီး လာတဲ့သူတွေ တစ်ဟုန်ထိုး တိုးလာတဲ့ အခြေအနေကို ကြည့်ရင်လည်း ၂၀၂၅ စက်တင်ဘာ ၁၃ ရက်နေ့ ရထားလမ်းစဖွင့်ချိန်ကနေ အဲဒီနှစ်ကုန်အထိကို ILP ဝင်ရောက်ခွင့်လက်မှတ် ထုတ်ပေးခဲ့ရသူ ၂၀,၉၁၄ ယောက်တောင် ရှိခဲ့တာပါ။ အခု ၂၀၂၆ ခုနှစ်ရဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၈ ရက်အထိ ၈ ရက်အတွင်းမှာတင် နောက်ထပ် ၁,၅၁၇ ယောက် ထပ်တိုးလာတာကြောင့် စုစုပေါင်း ၂၂,၄၃၁ ယောက်အထိ ရှိသွားပြီဖြစ်တယ်သိရပါတယ်။

ယခုလက်ရှိအချိန်မှာ ရထားတစ်စီးဆိုက်တိုင်းမှာ လူ ၁၀၀ ကနေ ၂၀၀ ကြားကို ILP လက်မှတ်ထုတ်ပေးနေရပြီး တစ်နေ့ကို ရထားနှစ်စီး ပုံမှန်ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။  

Leave a Reply

Your email address will not be published. Required fields are marked *