Headlines

ကလေး – ဝေဘူလ – ဖလမ်း ကားလမ်း ကို ပြုပြင်ဖောက်လုပ်ခဲ့ကြောင်းထုတ်ပြန်

ဇန်နဝါရီလ ၇ ရက်။

ကလေး – ဝေဘူလ – ဖလမ်း ကားလမ်းကို Institute of Chin Affairs ( ICA) ရဲ့ ငွေကြေးထောက်ပံ့မှုဖြင့် CNO ဒေသခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး လမ်းပြုပြင်ဖောက်လုပ်မှုတွေပြုလုပ်ခဲ့ကြောင်း ဖလမ်းမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) က ဒီကနေ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ သတင်း ထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာရရှိဖို့နဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနိုင်ဖို့ ကလေး – ဝေဘူလ – ဖလမ်း ကားလမ်းကို ပြုပြင် ဖောက်လုပ်တာတွေ လုပ်ခဲ့တယ်လို့ ဖလမ်းမြို့နယ်အခြေစိုက် CNO / CNDF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

CNO / CNDF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “အခုပြုပြင်တဲ့လမ်းကတော့ ဖလမ်းကနေ ကလေးမြို့ဘက်ကို သွားလို့ရှိရင် လမ်းက ၃ ခုလောက်ရှိတာပေါ့ ဖလမ်းကနေ ဝေဘူလရှိတယ် ဖလမ်း – သိုင်ငင်းရှိတယ် ဖလမ်းကနေ ဝေဘူလ ဘက်တော့ ဖြစ်တယ် ဒါပေမယ့် ဝဘူလမြို့ကိုရှောင်တဲ့ လမ်းတခုလည်းရှိတယ် အခုကျနော်တို့လုပ်တဲ့ လမ်းကတော့ ဝေဘူလမြို့ကို မဖြတ်တော့ဘဲနဲ့ တခြားသွားတဲ့လမ်းပေါ့ ဘာကြောင့် အခုလို ဖောက်ရတာလည်းဆိုရင် စစ်ရှောင်တွေ တော်တော်များများတယ် စားနပ်ရိက္ခာ အများကြီးလိုအပ်တယ် နောက်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ် ဘာကြောင့်လည်းဆိုရင် စစ်ကော်မရှင်က ဝေဘူလမြို့ထဲ ထိုင်တဲ့အခါမှာ ပြည်သူတွေက တချို့က လုံးဝမသွားရဲတော့ဘူး အဲဒါတွေကြောင့် ခါတိုင်းလမ်းမတွေ မဟုတ်ဘဲနဲ့ လမ်းကို ပြန်လုပ်ပြီး အသွားလာအဆင်ပြေဖို့ ဖောက်လုပ်တာဖြစ်ပါတယ်” လို့ပြောပါတယ်။

လက်ရှိ ဖလမ်းမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေ အနေဖြင့် ဆန် အပြင် တခြားစားနပ်ရိက္ခာတွေ ရရှိနိုင်အောင် CNO / CNDF ကနေ ( ICA) နှင့် ပူးပေါင်းပြီး ပြည်သူအတွက် လိုအပ်တဲ့ လမ်းဖောက်လုပ်တာဖြစ်ပြီး နောက်ပိုင်း တခြားလိုအပ်တဲ့နေရာတွေအတွက်လည်း ဆက်လက်လုပ်ဆောင်ဖို့ ရှိတယ်လို့ CNO / CNDF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းကနေ ဖလမ်းမြို့ကို ထိုးစစ်ဆင်ဖို့ ကလေး – သိုင်းငင်းလမ်းနဲ့ ကလေး – ဝေဘူလ တို့ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာပြီး လက်ရှိမှာလည်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အကြား နှစ်ဖက် ထိတွေ့တိုက်ပွဲပြင်းထန်လျက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *