စက်တင်ဘာလ ၂၃ ရက်။
လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းတို့နဲ့ အရေးယူခံရတဲ့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီရဲ့ နာယကတစ်ဦးလည်းဖြစ်သူ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင် အပေါ် အယူခံ (right to appeal) ခံစားခွင့်ကို ပြန်လည်ခွင့်ပြုပေးဖို့အတွက် သဘောထားထုတ်ပြန်တယ်လို့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ(IKACC) က စက်တင်ဘာလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊အမျိုးသမီး လူငယ်၊ ကလေးသူငယ်ရေးရာဝန်ကြီးဌာနရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းဆိုင်ရာ အကာကွယ်ပေးရေးမူဝါဒအရ စွပ်စွဲခံရသူ၏ အယူခံ (right to appeal) ခံစားခွင့် မရှိသည်ကို တွေ့ရှိရတဲ့အတွက် မိမိတို့ကောင်စီအနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ ယာယီသမ္မတထံ စက်တင်ဘာလ ၁၀ ရက်နေ့က အယူခံခွင့်ရရှိရေး တင်ပြခဲ့သော်လည်း တစ်စုံတရာ အကြောင်းပြန်ကြားခြင်း မရှိဘူးလို့ IKACC က ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုခြင်းဆိုင်ရာ အကာကွယ်ပေးရေး ဗဟိုကော်မတီအနေနဲ့ တရားမျှတသော တရားစီရင်ရေးကို အလေးထားတဲ့အနေနဲ့ စွပ်စွဲခံရသူ၏ အယူခံခွင့် ခံစားခွင့်ကို ပြန်လည်ခွင့်ပြုနိုင်ရေးအတွက် တာဝန်ရှိသူတွေကို ယခုဖြစ်စဉ်ကို ပြန်လည်စီစစ်သင့်တဲ့ကြောင်း ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာအတိုင်ပင်ခံကောင်စီ က ထုတ်ပြန်ပါတယ်။
ကြားကာလခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီရဲ့ နာယကတစ်ဦးလည်းဖြစ်သူ၊ အမျိုးသားညီညွှတ်ရေးအစိုးရ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁ ရက်မှစပြီး ရာထူးမှထုတ်ပယ်လိုက်ပြီးဖြစ်ကြောင်း သြဂုတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။