
နိုဝင်ဘာလ ၄ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါ လမ်းတလျောက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် မွလ်ဇောလ်ရွာကို မနေ့ နိုဝင်ဘာလ ၃ ရက်နေ့က ဝင်ရောက်ခဲ့ပြီး ဝေဘူလမြို့ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားလာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်ကော်မရှင်တပ်ဖွဲ့တွေ မနေ့နေ့လည် ၁၂ ဝန်းကျင်လောက်မှာ မွာလ်ဇောလ် ရွာထဲ ဝင်ရောက်ခဲ့ကြတယ် ဝေဘူလဘက်ကိုလည်း မကြာခင်အတောအတွင်း ဝင်ရောက်နိုင်တဲ့ အနေထားမှာရှိကြတယ် ကလေး – နတ်ချောင်းကနေ ချင်းပြည်နယ်ထဲ ဆက်သွယ်ထားတဲ့ ဝေဘူလလမ်းပိုင်းကို ထိန်းချုပ်ချင်တာလည်းဖြစ်မယ်” လို့ပြောပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေးမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့လောက်ကစလို့ စစ်ထောက်ပို့လေယာဉ်တွေနဲ့ စစ်အင်အားအများအပြားကို ပို့ဆောင်ထားပြီး ကလေး – တီးတိန် လမ်းဘက်၊ ကလေး – တမူး နဲ့ ကလေး – ဂန့်ဂေါ လမ်းပိုင်းက တော်လှန်ရေးအင်အားစု ထိန်းချုပ်နေရာကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်လာနေခဲ့တာဖြစ်ပါတယ်။
ကလေး – ဂန့်ဂေါ ကားလမ်းတလျောက်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ချင်းပြည်နယ်၊ ဟားခါးလေးရွာဘက်ကို အောက်တိုဘာလ ၃၁ ရက်နေ့က ဝင်ရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့သလို စစ်ကော်မရှင် စစ်ကြောင်းထိုး ဝင်ရောက်လာမှုတွေကြောင့် ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာ တောတောင်တွေကို စစ်ဘေးရှောင်နေကြရပါတယ်။
ကလေးတောင်ပိုင်းက စစ်ဘေးရှောင်တွေအရေး ကူညီပေးနေတဲ့ Lighthouse အဖွဲ့တာဝန်ခံတစ်ဦးက “စကစတွေ ဒီကနေ့ထိ ဟားခါးလေးမှာ တပ်အထိုင်ချနေဆဲဖြစ်တယ်လို့ သတင်းရတယ် ဒီကနေ့ မနက် သတင်းရသလောက် ဝေဘူလဘက်တက်နိုင်တယ်လို့လည်း ရထားတယ်။ လက်ရှိ စစ်ဘေးရှောင်တွေအနေအတော်ဆိုးပါတယ် မိုးကလဲ သုံးရက်ဆက်ရွာနေတော့ တောတောင်တွေထဲ စစ်ဘေးရှောင်နေရသူတွေအတွက် နေရာထိုင်ခင်း အခက်ခဲတွေရှိနေကြတယ် စားဝတ်နေရေးအခက်တွေလဲ ကြုံနေရတယ်ပေါ့ နောက်ပြီး မိုးအကုန် ဆောင်းကူးကာလဆိုတော့ နာမကျန်းဖြစ်တဲ့ စစ်ဘေးရှောင်တွေလဲ ရှိနေပါတယ် နေရာအနှံ့ပြား စစ်ဘေးရှောင်တော့ စစ်တမ်းကောက်ယူဖို့ အင်မတန်ခက်ခဲနေပါတယ်” လို့ပြောပါတယ်။
ကလေးတောင်ပိုင်း ကလေး – ဂန့်ဂေါကားလမ်း တလျောက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာဒေသတွေကို စစ်ကော်မရှင်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ကျေးရွာပေါင်း ၃၆ ရွာခန့်က အရပ်သားပြည်သူ ၃ သောင်းကျော် ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပါတယ်။

