
မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်လို့ မူလနိုင်ငံ ပြန်ပို့ခံရတဲ့ နိုင်ငံခြားသား ၂၉၂ ဦးထဲမှာ မြန်မာနိုင်ငံသား ၁၁၁ ဦးပါဝင်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေး ဌာနရဲ့ သြဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသား ၂၉၂ ဦးကိုလူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် ဖမ်းဆီးထောင်ချပြီး ပြန်လွတ်လာတဲ့သူတွေကို ဂျိုဟိုးနားပြည်နယ် ပီကန်နာနာစ်လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကနေ ပြည်နှင်ဒဏ်ပေးခဲ့တာလို့လည်း သိရပါတယ်။
မူလနိုင်ငံသို့ ပြန်ပို့တဲ့အထဲ အင်ဒိုနီးရှားနိုင်ငံသား ၁၄၀ ဦး၊ မြန်မာနိုင်ငံသား ၁၁၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦး၊ တရုတ်နိုင်ငံသား ၇ ဦး၊ ပါကစ္စတန်နိုင်ငံသား ၆ ဦး၊ ထိုင်းနိုင်ငံသား ၆ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၅ ဦး၊ နီပေါနိုင်ငံသား ၂ ဦးနဲ့ သီရိလင်္ကာနိုင်ငံသား ၁ ဦး လို့ဖော်ပြထားပါတယ်။
ပြည်နှင်ဒဏ်ပေးခံထားရသူတွေကို နာမည်ပျက်စာရင်းထဲ တင်သွင်းထားပြီး မလေးရှားနိုင်ငံတွင်း ထပ်မံဝင်ရောက်ခွင့်မပြုပဲ နာမည်ပျက်စာရင်းထဲ တင်သွင်းထားတယ်လို့လည်း လူဝင်မှုကြီးကြပ်ဌာနက ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မလေးရှားနိုင်ငံကို တရားဝင်လမ်းကြောင်း၊ တရားမဝင်တဲ့ လမ်းကြောင်းတွေကနေလည်း မလေးရှားနိုင်ငံကို မြန််မာနိုင်ငံသားအမြောက်အများ ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်လို့လည်းသိရပါတယ်။