Headlines

မီဇိုရမ်ပြည်နယ် Champhai ခရိုင်မှာ ရူပီး ၃၆.၇၉ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဇူလိုင် ၁၉ ရက်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင် Champhai ခရိုင်မှာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (Narcotics Control Bureau – NCB) နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ (Assam Rifles) တို့ ပူးပေါင်းစစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ရာ ရူပီး ၃၆.၇၉ ကုဋေ (အိန္ဒိယရူပီး ၃၆၇.၉ သန်း) တန်ဖိုးရှိ ဘိန်းဖြူ (heroin) နဲ့ မက်သမ်ဖက်တမင်း (methamphetamine) ဆေးပြား အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင်လ (၁၉) ရက်နေ့မှာ India Today မီဒီယာကဖော်ပြပါတယ်။

သတင်းပေးချက်အရ NCB အရာရှိများနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များသည် ကြာသပတေးနေ့ ဇူလိုင် ၁၇ ရက်က ပူးပေါင်းစစ်ဆင်ရေးကို စတင်ခဲ့ပြီး ဘိန်းဖြူ ၆၄၂ ဂရမ်နှင့် မက်သမ်ဖက်တမင်း ဆေးပြား ၁၀.၄၄ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

‘ice’ သို့မဟုတ် ‘crystal meth’ ဟု လူသိများတဲ့ မက်သမ်ဖက်တမင်းသည် ကိုကိန်းနှင့် ဆင်တူသော ပြင်းထန် စိတ်ကြွစေသည့် အာနိသင်ရှိပြီး စွဲလမ်းမှု အလွန်အားကောင်းသော ဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးများကို NCB သို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။

ယခုလအစောပိုင်းကလည်း အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ပူးပေါင်းစစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ပြီး Champhai ခရိုင်ရှိ အိန္ဒိယ-မြန်မာနယ်စပ် Zokhawthar ကျေးရွာမှာ ရူပီး ၆.၆၇ ကုဋေကျော် (အိန္ဒိယရူပီး ၆၆.၇ သန်း) တန်ဖိုးရှိ တားမြစ်ထားသော မက်သမ်ဖက်တမင်း ဆေးပြားများကို သိမ်းဆည်းရမိကာ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့ဝင်များက ဇွန်လကတည်းက အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ နယ်စပ်ဖြတ်ကျော်ဝင်ထွက်ရာ Zawkhawthar မှာ စစ်ဆေးရေးဂိတ်အသစ်ကိုလည်း ထပ်မံဖွင့်ထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *