
ဇူလိုင်လ ၁၁ ရက်။
လက်တလောဖြစ်ပွားနေတဲ့ ချင်းအမျိုးသားတပ်ဦး CNA , HPO/CDF – Hualngoram နဲ့ CNO / CNDF အကြား စစ်ရေးပဋိပက္ခတွေ ချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းကြဖို့ တော်လှန်ရေးမှာပါဝင်တဲ့ ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေက ထုတ်ပြန်တဲ့ကြောင်း ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မှာ Chinland Parliament က ဖော်ပြထားပါတယ်။
ချင်းတစ်မျိုးသားလုံး စုစည်းနိုင်ရေးအတွက် ချင်းအမျိုးသားကောင်စီ ( CNC) အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေး တစိုက်မတ်မတ်ဆောင်ရွက်နေတဲ့ ကာလဖြစ်သည်နဲ့အညီ ချင်းလက်နက်ကိုင် အဖွဲ့အစည်းများအပါအဝင် ချင်းပြည်တစ်ရပ်လုံး ပူးပေါင်းပါဝင်ဖို့ကိုလည်း တိုက်တွန်းကြောင်း Chinland Parliament ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ပြင် စစ်အာဏာရှင်အပြီးတိုင်ချေမှုန်းရေးအတွက် ချင်းတော်လှန်ရေး အင်အားစုတွေ အသက်သွေးချွေးပေးဆပ်လျက် တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေတဲ့ ကာလဖြစ်သည်နှင့်အညီ ချင်းတော်လှန်ရေး အချင်းအချင်းကြား စည်းလုံးညီညွှတ်မှုမှာ တော်လှန်ရေး အောင်မြင်ရေးအတွက် အဓိကအချက် ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဖလမ်းမြို့နယ်အတွင်းက ဒေသခံချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ဖြစ်တဲ့ တိုက်ပွဲပဋိပက္ခတွေကို ညှိနှိုင်းပေးဖို့ ကိုလည်း မီဇိုရမ်အစိုးရရဲ့ Adyocacy Group for Peace အဖွဲ့က ကြားဝင်ညှိနှိုင်းတာတွေကို ဇူလိုင် ၅ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ရလဒ်စောင့်နေကြတဲ့ အခြေအနေမှာရှိတယ်လို့လည်း သိရပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ် ရိခေါဒါရ်မြို့မှာဖြစ်ခဲ့တဲ့ HPO/CDF – Hualngoram နဲ့ CNO / CNDF အကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော်ဟာ နယ်စပ်ဖြတ်ကျော်ပြီး စစ်ဘေးရှောင်ခဲ့ကြရပါတယ်။