Headlines

ရိခေါဒါရ်မြို့ကနေ CNO / CNDF တပ်ဖွဲ့ပြန်ဆုတ်ခွါသွားကြတယ်လို့ သိရ

ဇူလိုင်လ ၁၁ ရက်။

အိန္ဒိယ-မြန်မာနယ်စပ်မှာတည်ရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ရိခေါဒါရ်မြို့ကနေ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) တပ်ဖွဲ့တွေ ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာဘဲ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ HPO/CDF – Hualngoram တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

HPO/CDF – Hualngoram တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက “လက်ရှိအခြေအနေမှာ ကျနော်တို့ဘက်ကနေပြီးတော့ ရှင်းလင်းရေးတွေ လုပ်နေတာတွေရှိတယ် သူတို့ ( CNO/CNDF) တွေ ဆုတ်ခွာသွားပြီလို့ သိရတယ် ဒါပေမယ့် အပြီးပိုင်စွန့်ခွာသွားတာမျိုးတော့ ဖြစ်မယ်လို့တော့ ကျနော်တို့ မထင်ဘူး ၁၀၀ ရာခိုင်နှုန်းဆုတ်တယ်လို့တော့ ကျနော်မပြောချင်သေးဘူး။ညှိနှိုင်းမှုကလည်း ရလဒ်ကမပေါ်လာသေးဘူးပေါ့နော် ေဆွးနွေးနေဆဲကာလ ဖြစ်တယ် ကျနော်တို့ဘက်ကလည်း စစ်ရေးအရ ဖိအားပေးနေတယ် စစ်ရေးဘက်ကနေလည်း လိုအပ်တာတွေလုပ်နေတယ် ကျနော်တို့နယ် ကျနော်တို့မြို့ ကျနော်တို့ပြည်သူလက်ထဲ ရှိဖို့ လုပ်သင့်တာတွေ လုပ်နေတယ် အခုလက်ရှိမှာတော့ သူတို့ဆုတ်သွားတယ်လို့ သတင်းရတယ် ကျနော်တို့ ရှင်းလင်းရေးတွေလုပ်ပြီးတော့ လုပ်သင့်တာတွေလုပ်ဖို့ ပြင်ဆင်နေတယ်” လို့ပြောပါတယ်။

ရိခေါဒါရ်မြို့ကနေ CNO / CNDF ဆုတ်ခွါမှုနဲ့ပတ်သက်ပြီး CNO / CNDF အဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုမေးမြန်းပေမယ့် လက်ရှိအချိန်အထိပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

CNO/ CNDF နဲ့ HPO/CDF – Hualngoram အကြားပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့စပြီးတိုက်ခိုက်မှုတွေဖြစ်ပွါးခဲ့ ပြီး HPO/CDF –Hualngoram ထိန်းချုပ်ထားတဲ့ ရိခေါဒါရ်မြို့ကို CNO / CNDF က ဇူလိုင်လ ၅ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး နှစ်ဖက် အဖွဲ့အစည်းအကြား စစ်ရေးအခြေအနေ တင်းမာတွေ ထိတွေ့မှုတွေ ရှိခဲ့ပါတယ်။

ဖလမ်းမြို့နယ်အတွင်းက ဒေသခံချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ဖြစ်တဲ့ တိုက်ပွဲပဋိပက္ခတွေကို ညှိနှိုင်းပေးဖို့ ကိုလည်း မီဇိုရမ်အစိုးရရဲ့ Adyocacy Group for Peace က ကြားဝင်ညှိနှိုင်းတာတွေကို ဇူလိုင် ၅ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲ ရလဒ်စောင့်နေကြတဲ့ အခြေအနေမှာရှိတယ်လို့လည်း သိရပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ် ရိခေါဒါရ်မြို့မှာဖြစ်ခဲ့တဲ့ HPO/CDF – Hualngoram နဲ့ CNO / CNDF အကြား တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၄၀၀၀ ကျော်ဟာ နယ်စပ်ဖြတ်ကျော်ပြီး စစ်ဘေးရှောင်ခဲ့ကြရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *