Headlines

တမူးမြို့မှာ ညပိုင်းအပြင်ထွက်သူတွေကို စစ်ကောင်စီတပ်ကဖမ်းပြီး ငွေနဲ့ပြန်ရွေးခိုင်းနေတယ်လို့ ဆို

ဇွန်လ ၃၀ ရက်။

အိန္ဒိယ – မြန်မာ နယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ်မှာ ည ၈ နာရီနောက်ပိုင်း အိမ်အပြင်မှာ တွေ့သမျှလူတွေကို စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးတွေက လိုက်လံဖမ်းဆီးပြီး နောက်တနေ့ ငွေနဲ့ပြန်ရွေးခိုင်းတာတွေ လုပ်နေတယ်လို့ တမူးမြို့နေ ဒေသခံတစ်ဦးကပြောပါတယ်။

တမူးမြို့နေ ဒေသခံတစ်ဦးက “ဈေးသစ် ၉ ၊ ဈေးသစ် ၁၀ ဘက်တွေမှာ တော်တော်ဆိုးတယ် ည ၈ နာရီကျော်လို့ အိမ်အပြင် အပြင်မှာ တွေ့သမျှကို ဖမ်းကြတယ် ပြီးတော့ နောက်နေ့ ငွေနဲ့ ပြန်ရွေးခိုင်းနေကြတယ် ပြန်ရွေးခိုင်းရင် လူတစ်ဦးကို အနည်းဆုံး ၅ သိန်း ပေးရတယ် တချို့ဆို ၁၂ သိန်း ထိတောင်းတာတွေရှိတယ် တစ်ဦးနဲ့တစ်ဦးကို တောင်းတဲ့ ဈေးမတူဘူး မိန်းကလေးဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် ည ၈ နာရီနောက်ပိုင်းဆိုရင် အိမ်ပြင်မှာတွေ့ရင်ဖမ်းတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိတမူးမြို့က ဈေးသစ် ၉ ၊ ဈေးသစ် ၁၀ ဘက်မှာ တခြားရပ်ကွက် နေရာတွေထက် ညပိုင်း ဖမ်းဆီးတာတွေ ကြမ်းနေတယ်လို့သိရပြီး ငွေရဖို့အတွက် အခုလိုလုပ်တာဖြစ်တယ်လို့လည်း တမူးမြို့ဒေသခံတစ်ဦးကပြောပါတယ်။

“ ဒီမှာရှိတဲ့ စစ်သင်တန်းတက်ချင်နေတဲ့ ပျူတွေတောင် သူတို့ ( စစ်ကောင်စီတပ်ဖွဲ့) က စစ်သင်တန်းပေးဖို့ မလုပ်ပေးနိုင်ဘူး စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေလည်း ဒီဘက်ကို လူလာသယ်တာတွေ သိပ်မလုပ်နိုင်လို့ထင်တယ်။ အခုလိုညပိုင်း အပြင်ထွက်တာတွေကို ဖမ်းတာက စစ်မှုထမ်းအတွက် လူစုတာမျိုးမဟုတ်ဘူး သူတို့ငွေရဖို့အတွက် လုပ်နေကြတာဖြစ်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် တမူးမြို့ကို စစ်ဘေးလာရှောင်နေကြသူတွေရှိသလို တမူးကနေတဆင့် အိန္ဒိယဘက်ကို စစ်ဘေးရှောင်သူတွေလည်း ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *