
ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ UFC 317 ဖလိုင်းဝိတ်တန်းပြိုင်ပွဲမှာ ထိပ်တန်းပြိုင်ဘက် Brandon Royval ကို အနိုင်ယူခဲ့ပြီးနောက် လက်ရှိ UFC ဖလိုင်းဝိတ်ချန်ပီယံ Alexandre Pantoja ရဲ့ Flyweight(ဖလိုင်းဝိတ်) ချန်ပီယံခါးပတ်အတွက်စိန်ခေါ်သူအဖြစ် UFC က တရားဝင် အတည်ပြုလိုက်ပြီလို့ သိရပါတယ်။
ဖလိုင်းဝိတ်ချန်ပီယံ Alexandre Pantoja က လည်း မနေ့ ဇွန်လ ၂၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ UFC ပွဲမှာ Kai Kara ကို တတိယအချီမှာ အနိုင်ရပြီး ဖလိုင်းဝိတ်ချန်ပီယံခါးပတ်ကို ဆက်ပြီးကာကွယ်နိုင်ခဲ့ပြီး နောက်ထပ် ချန်ပီယံခါးပတ်အတွက် Joshua Van နဲ့ တိုက်ခိုက်ဖို့ကို UFC က အတည်ပြုခဲ့တာလို့ သိရပါတယ်။
“ ငါ့အသက် ၂၃ တုန်းက စားသောက်ဆိုင်မှာ ပန်ကန်ဆေးတဲ့ အလုပ်လုပ်တုန်းရှိသေးတယ်။ သူ့အသက် ၂၃ နဲ့ ချန်ပီယံခါးပတ်လုခွင့်ရတော့မှာပါ ။ သူက ငါ့အတွက်ခက်ခဲတဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်လိမ့်မယ် သူကငယ်တယ် မြန်တယ် အောင်မြင်မှုကို ဆာလောင်နေတယ်”လို့ မနေ့က ပွဲအပြီးမှာ လက်ရှိ UFC ဖလိုင်းဝိတ်ချန်ပီယံ Alexandre Pantoja က ပြောပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Alexandre Pantoja ဟာ ဒီပွဲနဲ့ဆိုရင် ချန်ပီယံခါးပတ်ကာကွယ်တာ ၄ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ၅ ကြိမ်မြောက်မှာ ချင်းလူငယ် Joshua Van နဲ့တွေ့ရင် ထပ်ပြီးကာကွယ်နိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဘရာဇီးလ်ဖိုက်တာ ဖလိုင်းဝိတ်ချန်ပီယံ Alexandre Pantoja ဟာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး အရပ်မောင်းက ၅ ပေ ၅ ရှိသူဖြစ်ပြီး ဝါရင့် ဖိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။
မြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံမှာ ကြီးပြင်းခဲ့သူဖြစ်တဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ယခု ဇွန်လ တစ်လအတွင်း UFC ပြိုင်ပွဲ ၂ ပွဲဆက် ယှဉ်ပြိုင်ခဲ့ကာ ၂ ပွဲဆက် အနိုင်ရရှိထားသူလည်းဖြစ်ပါတယ်။ မြန်မာပရိတ်သတ်အများအပြားကအားပေးနေတဲ့ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လက်ရှိအချိန်အထိ UFC ပြိုင်ပွဲပေါင်း ၉ ပွဲထိ ထိုးသတ်ထားကာ ၈ ပွဲနိုင်၊ ၁ ပွဲရှုံးရလဒ်ကောင်း ရရှိထားသူလည်း ဖြစ်ပါတယ်။